နာမည်ကျော် WoW Classic ဂိမ်းကို အမာခံပရိသတ်တွေအတွက် တကြော့ပြန်လည်ထုတ်လုပ်ရာမှာ အလွန်လူကြိုက်များခဲ့ပေမယ့် ဟက်ကာတွေရဲ့ ရန်ကိုလည်း အလျှင်အမြန်ပဲရင်ဆိုင်ခဲ့ရပါတယ်။

      World Of Warcraft Classic ဆိုတာ ၂၀၀၄ ခုနှစ်ဝန်းကျင်က ပထမဆုံး World Of Warcraft ဆော့ခဲ့ရတဲ့ ခံစားချက်ကို ဆယ်စုနှစ်တစ်ခုကျော်အကြာမှာ ပြန်လည်ခံစားလိုသူတွေအတွက် ထုတ်ပေးထားတဲ့ဂိမ်းဖြစ်ပါတယ်။


World Of Warcraft ဟာ အအောင်မြင်ဆုံး MMORPG (Massively Multiplayer Online Role-Playing Game) ဂိမ်းဖြစ်ပြီး လက်ရှိလစဉ်ကြေးပေးပြီး ကစားနေသူပမာဏဟာလည်း သန်းဆယ်ဂဏန်းအထက်မှာ ရှိပါတယ်။

World Of Warcraft ရဲ့ ပထမဦးဆုံး Expansion ဖြစ်တဲ့ Burning Crusade မတိုင်ခင်က ဆော့ကစားခဲ့ရတဲ့ ခံစားချက်မျိုးကို ပေးစွမ်းနိုင်မယ့် ဒီ World Of Warcraft Classic ကို ၂၀၁၇ ခုနှစ်ရဲ့ BlizzCon မှာကြေညာခဲ့ပြီး ၂၀၁၉ ခုနှစ် သြဂုတ်လ ၂၇ ရက်အရောက်မှာ ထုတ်ပေးခဲ့တာပါ။

ဂိမ်းကိုထုတ်ပေးပေးပြီးချင်းမှာတင်ပဲ အချို့ကစားသမားတွေအနေနဲ့ ဂိမ်းထဲကို Log in ဝင်လို့ မရလောက်အောင်ကို ကစားသမားပမာဏများပြားခဲ့ပါတယ်။ သို့ပေမယ့် ဒီဂိမ်းဟာထွက်ပြီးလို့ ရက်သတ္တပတ် ၂ ပတ်တောင် မရှိသေးဘဲ DDoS တိုက်ခိုက်မှုတွေကို ခံနေရပြီဖြစ်တယ်လို့ သိရပါတယ်။

         အဆိုပါ DDoS တိုက်ခိုက်မှုဟာ မနေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအချိန်အထိ အချို့ဆာဗာတွေအနေနဲ့ တိုက်ခိုက်မှုဒဏ်ကို ဆက်လက်ခံစားရဦးမှာဖြစ်တယ်လို့ Blizzard ဘက်က အတည်ပြုကြေညာထားပါတယ်။ World Of Warcraft Classic ကစားသူအချို့ကတော့ လက်ရှိ DDoS တိုက်ခိုက်ခံရခြင်းဟာ UkDrillas ဆိုတဲ့ နာမည်နဲ့ Twitter အကောင့်ပိုင်ရှင်ရဲ့ လက်ချက်လို့ ယုံကြည်နေကြပါတယ်။


အဆိုပါ UkDrillas ဆိုတဲ့အကောင့်ပိုင်ရှင်ဟာ ဆာဗာများကို DDoS မတိုက်ခိုက်ခင် နာရီဝက်လောက် အလိုမှာ ကြိုတင်သတိပေးတဲ့ Tweet ကိုသူ့အကောင့်ကနေ တင်ခဲ့တာကြောင့် ကစားသမားများက ယခုလို ယုံကြည်နေကြတာပဲဖြစ်ပါတယ်။ ဆာဗာတွေအနေနဲ့ ဘယ်အချိန်မှာ ပုံမှန်အတိုင်းပြန်ဖြစ်မယ် ဆိုတာကိုတော့ Blizzard ဘက်က တာဝန်ရှိသူတွေက ယခုအချိန်အထိ အတိအကျပြောကြားထားခြင်း မရှိသေးပါဘူး။

         World of Warcraft ဆာဗာများအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် DDoS တိုက်ခိုက်ခံရခြင်း မဟုတ်ဘဲ ၂၀၁၀ ခုနှစ်တုန်းကလည်း DDoS တိုက်ခိုက်တဲ့ဒဏ်ကို အကြီးအကျယ်ခံခဲ့ရပါသေးတယ်။


၂၀၁၀ ခုနှစ်တုန်းက DDoS တိုက်ခိုက်ခဲ့သူကို Blizzard က ၂၀၁၈ ခုနှစ်အရောက်မှာတော့ တရားစွဲဆိုကာ အနိုင်ရရှိခဲ့ပါတယ်။ တရားခံဖြစ်တဲ့ Calin Mateias ဆိုသူဟာ ပြစ်ဒဏ်အဖြစ် ဒဏ်ကြေး ဒေါ်လာ ၃၀၀၀၀ နှင့် ထောင်ဒဏ်တစ်နှစ်တို့ကိုလည်း ကျခံခဲ့ရပါတယ်။ ယခု DDoS တိုက်ခိုက်မှုရဲ့ တရားခံဟာလည်း ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင်တော့ အလားတူပြစ်ဒဏ်များကို ကျခံရဖို့က ရာနှုန်းပြည့်သေချာနေပါတယ်။


Written by Myo Thant Kyaw

Share

Loading Next Article...
က္က