အင်တာမီလန်နည်းပြ အင်ဇာဂီက ဒီကနေ့ည လီဗာပူးကို ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ပွဲစဥ်မတိုင်ခင် ပြိုင်ဘက်အသင်းကို ချီးကျူးခဲ့သလို သူ့ကစားသမားတွေကို ဘယ်လိုကစားဖို့ မှာကြားထားတယ်ဆိုတာကိုလည်း မီဒီယာတွေရှေ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အင်တာမီလန်ဟာ လက်ရှိ စီးရီးအေပြိုင်ပွဲမှာလည်း ပုံစံကောင်းပြသနေတဲ့အသင်းဖြစ်ပေမယ့် လီဗာပူးကို ရင်ဆိုင်ဖို့အတွက်ကတော့ ခက်ခဲမယ်လို့ပဲ ပရိသတ်တွေက ယုံကြည်နေပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာ သေမင်းတမန်အုပ်စုကို အလွယ်တကူဖြတ်ကျော်လာတဲ့အသင်းဖြစ်ပြီး အင်ဇာဂီကလည်း လီဗာပူးနဲ့ပတ်သက်လို့ ချီးကျူးစကားပြောကြားခဲ့ပါတယ်။
အင်ဇာဂီက “ကျနော့်အထင်ပြောရရင် အင်္ဂလိပ်အသင်းတွေက အရမ်းကို တောင့်တင်းသန်မာတဲ့ အသင်းတွေပါ။ ဒီရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာဆိုရင်လည်း ချဲလ်ဆီးကလွဲရင် ကျန်တဲ့သုံးသင်းလုံးက အုပ်စုပထမရရှိခဲ့ကြပါတယ်။ လီဗာပူးက ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲကတသင်းပါ”
“ဒါပေမယ့် ကျနော့်ကစားသမားတွေလည်း ဒီလိုမျိုးပွဲစဥ်တွေကို ကစားဖို့ ထိုက်တန်ကြပါတယ်။ ကျနော်တို့အသင်းက ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဥ်တွေကို နှစ်ပေါင်းများစွာကြာအောင် မကစားဖြစ်ခဲ့ကြပါဘူး။ အဲ့ဒီတော့ အခု ဒီလိုပွဲစဥ်မျိုးကို ကစားရမှာက အရမ်းကို ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ လုပ်ပြနိုင်အောင် ကြိုးစားသွားမှာပါ”
“စာရွက်ပေါ်က လူစာရင်းအရတော့ လီဗာပူးက ပိုမိုရေပန်းစားတဲ့အသင်းတသင်းပါ။ ဒါပေမယ့် ပွဲနှစ်ပွဲကတော့ သေချာပေါက်ကစားရမှာပဲလေ” လို့ ပြောကြားသွားခဲ့ပါတယ်။ ကစားသမားတွေကို ဒီပွဲအတွက် ဘယ်လိုညွှန်ကြားထားလဲဆိုတာနဲ့ ပတ်သက်လို့လည်း အင်ဇာဂီက “ကျနော့်ကစားသမားတွေကို ကွင်းထဲမှာ စိတ်ကိုလွတ်လွတ်လပ်လပ်ထား၊ ပြီးရင် ကျနော်တို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ပြသဖို့ပဲ ကျနော်မှာထားပါတယ်”
“စိတ်ကိုသန္နိဌာန်ချ၊ စိတ်ပိုင်းဖြတ်နိုင်တာက မတူကွဲပြားတဲ့အရာတွေကို ဖန်တီးပေးနိုင်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ပြိုင်ဘက်လီဗာပူးနည်းပြ ကလော့ပ်ကလည်း အင်တာမီလန်ကို အီတလီရဲ့ လတ်တလော အကောင်းဆုံးအသင်းတသင်းအဖြစ် ချီးကျူးထားတာကြောင့် ဒီည သူတို့နှစ်သင်းရဲ့ပွဲစဥ်မှာ ဘယ်လိုရလဒ်တွေ ထွက်ပေါ်လာမလဲ စိတ်ဝင်စားဖို့ ကောင်းနေပြီဖြစ်ပါတယ်။