• ကိုရီးယား-မြန်မာ ပူးပေါင်းရိုက်ကူးထားတဲ့ ''တန်ဖိုး''ရုပ်ရှင်ကားကြီး

စက်တင်ဘာလ ၁၂ ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။

ကိုရီးယား ဒါရိုက်တာတွေနဲ့ မြန်မာသရုပ်ဆောင်တွေ ပူးပေါင်းရိုက်ကူးထားတဲ့ ‘’တန်ဖိုး’’ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာလ ၁၂ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားထဲမှာ ရန်အောင်၊ ထွန်းထွန်း၊ ဇင်ဝိုင်း၊ အေးမြတ်သူ၊ မို့မို့မြင့်အောင်၊ ခင်ဇာခြည်ကျော် တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

image

တောင်ကိုရီးယားနိုင်ငံက ဒါရိုက်တာတွေနဲ့ မြန်မာနိုင်ငံက သရုပ်ဆောင်တွေ ပူးပေါင်းပြီးရိုက်ကူးထားတဲ့ ‘’တန်ဖိုး’’ရုပ်ရှင်ကားကြီးကတော့ မကြာခင် ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အကယ်ဒမီရန်အောင်ကလည်း သူပါဝင်ထားတဲ့ ကာရိုက်တာအကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြလာပါတယ်။

‘’ ဒီဇာတ်ကားထဲက ကျွန်တော့် ကာရိုက်တာ နာမည်ကတော့ ဦးသန့်ဇင် တဲ့။ အများအမြင်မှာတော့ သူက အေးဆေးတယ်၊ တည်ငြိမ်တယ်။ သန့်သန့်ပြန့်ပြန့်နဲ့ စိတ်ကောင်းရှိတဲ့ လူ ပုံသဏ္ဍာန်ရှိတယ်။ တကယ့် ပုံစံအစစ်မှာကျတော့ ဂိုဏ်းစတားဖြစ်နေတယ်။ အရမ်းရက်စက်တယ်၊ အတ္တကြီးတယ်၊ လောဘကြီးတယ်၊ ရိုင်းချင်တဲ့ ကာရိုက်တာပုံစံပေါ့’’ ဆိုပြီးတော့ စက်တင်ဘာလ ၄ ရက်နေ့ညက ‘’တန်ဖိုး’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: တန်ဖိုး

အဲဒီနောက် ထွန်းထွန်းကလည်း သူပါဝင်သရုပ်ဆောင်ရတဲ့ နိုင်နိုင် ဆိုတဲ့ ဇာတ်ကောင်အကြောင်းကို ပြောပြလာပါတယ်။ သူ့ရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ဇာတ်ကားဖြစ်လို့ လက်ခံရိုက်ကူးဖြစ်ခဲ့တယ်လို့ သိရပါတယ်။

‘’ ဒီဇာတ်ကားထဲမှာ ကျွန်တော့် နာမည်က နိုင်နိုင်ပေါ့နော်။ ကိုယ့်အသက်အရွယ်နဲ့လည်း လိုက်ဖက်တယ်။ အဓိက ကတော့ ဇာတ်ကားရည်ရွယ်ချက်ကလည်း ကောင်းတာပါ။ ကျွန်တော့်အသက်အရွယ်နဲ့ ကာရိုက်တာ လိုက်ဖက်မှုရှိတာတွေကြောင့်ပါ။ ဒီဇာတ်ကားထဲက နိုင်နိုင်ကတော့ ပေါ့ပေါ့နေ၊ ပေါ့ပေါ့စားပေါ့။ ကိုယ့်တန်ဖိုးကိုလည်း ကိုယ်နားမလည်ဘူး၊ ရှာဖွေစုဆောင်းမှုလည်း မရှိဘူး။ တစ်ရက်တစ်ရက် လေလွှင့်နေတဲ့ ပုံစံလေးပေါ့’’ လို့ သူကဆိုပါတယ်။

Photo: တန်ဖိုး

အေးမြတ်သူကလည်း ‘’တန်ဖိုး’’ရုပ်ရှင်ကားကြီး ရုံမတင်ခင်မှာ ကြိုတင်လက်မှတ်ဝယ်ပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကြောင့် အရမ်းကို ပျော်ရွှင်မိတယ်လို့ ပြောပါတယ်။

‘’ဒီဇာတ်ကားက ဒရာမာဆိုပေမယ့် ဟဲဗီးဒရာမာ မဟုတ်ဘူး။ ခပ်ပါးပါးလေး။ လူငယ်တွေအကြိုက် Romance တွေလည်းပါတယ်။ အခုဆို မြစ်ကြီးနားမှာ တော်တော်များများက ကြိုတင်လက်မှတ်တွေ ဝယ်ပြီးတော့ အားပေးနေကြတယ်ပေါ့နော်။ အဲ့ဒီအတွက်လည်း ကြားရတာ အရမ်းဝမ်းသာပါတယ်။ ဒီလိုပဲ တခြားပြည်နယ် အသီးသီးမှာလည်း ကြိုတင်လက်မှတ်လေးတွေ ဝယ်လို့ရနေပါပြီ’’ လို့ ဆိုပါတယ်။

Photo: တန်ဖိုး

‘’တန်ဖိုး’’ရုပ်ရှင်ကားကြီးကိုတော့ တောင်ကိုရီးယားနိုင်ငံသား Sungwook Min နဲ့ JIHYE SUNG တို့က ပူးပေါင်းရိုက်ကူးတာပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကိုတော့ ဂျွန်လရော် က ရေးသားထားတာဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ ရန်အောင် ထွန်းထွန်း ဇင်ဝိုင်း အေးမြတ်သူ မို့မို့မြင့်အောင် ခင်ဇာခြည်ကျော် မော်နီကာပန် နှင့် သရုပ်ဆောင်များစွာတို့က ပါဝင်ထားတယ်လို့ ဒီဇာတ်ကားကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က