ကိုယ်ထိလက်ရောက်ကျူးလွန်မှု အပါအဝင် ပုဒ်မ ၄ ခုနဲ့ ရွှေပြည်သာမြို့နယ် မီးသတ်ဝန်ထမ်း (၁၀) ဦးကို ဆရာဝန်အမျိုးသမီးတစ်ဦးက အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
Photo - Mya Wut Yee
အဆိုပါ ဆရာဝန်အမျိုးသမီးက မီးသတ်ဦးစီးမှူးနဲ့ မီးသတ်ဝန်ထမ်း (၁၀) ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုနဲ့ ကာယအိနြေ္ဒကိုစော်ကားရန် ကြံရွယ်ပြောဆိုမှုတို့ အပါအဝင် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ကို အမှုဖွင့်ထားတယ်လို့ ရွှေပြည်သာရဲစခန်းကနေ အကြောင်းကြားလာပါတယ်။ ကျွန်တော်တို့ ရဲစခန်းမှာ သွားရောက်ဖြေရှင်းပါမယ်။ “ လို့ ရွှေပြည်သာမြို့နယ်မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်က Duwun ကိုပြောပါတယ်။
အဆိုပါ အမျိုးသမီးမှာ ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၁ မီးသတ်ရုံးရှေ့မှာ နေ့စဉ်ရက်ဆက်ခန့် ကားရပ်နားလေ့ရှိပြီး မီးသတ်ယာဉ် ထွက်ခွာရာ လမ်းကြောင်းနဲ့ မလွတ်ကင်းတာကြောင့် ဖယ်ခိုင်းရခြင်းဖြစ်တယ်လို့ ဦးသွင်ယုနိုင်က ဆိုပါတယ်။
“ဆရာဝန်အမျိုးသမီးက မီးသတ်ရုံးရှေ့မှာ ရက်ခြားပြီး ကားလာရပ်တာ ၃ ခါလောက်ရှိပါပြီ။ ကျွန်တော်တို့ အရင်ရက်တွေကလည်း ကားကို ဖယ်ခိုင်းဖို့ ပြောပါတယ်။ အခု ဒီတခေါက်မှာ ကားဖယ်ခိုင်းဖို့ ပြောရင်း အခုလို ဖြစ်သွားတာပါ” လို့ မီးသတ်ဦးစီးမှူး ဦးသွင်ယုနိုင်က ဆက်ပြောပါတယ်။
ကားပိုင်ရှင် အမျိုးသမီး ဒေါက်တာမြဝတ်ရည်မှာ မီးသတ်ရုံးရှေ့က ဖြစ်စဉ်ကို လူူမှုကွန်ရက်မှာ Live လွှင့်ခဲ့ပြီးနောက် ဖေ့ဘုတ်စ်သုံးစွဲသူတွေက အဆိုပါ အမျိုးသမီးကို ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။