Google ရဲ့ အလိုအလျောက်မောင်းကားဌာနမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးကို ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုနဲ့ ထောင်ဒဏ် ၁၈ လ ချမှတ်လိုက်ပါတယ်။
အင်ဂျင်နီယာတစ်ဦး ဖြစ်တဲ့ အန်တီနီ လီဝင်ဒေါ့စကီးဟာ Google ရဲ့ မောင်းသူမဲ့ကားဌာန Waymo ကနေ အလုပ်မထွက်ခင်မှာ သူ့လက်ပ်တော့ထဲကို Google ဖိုင်ပေါင်း ၁၄၀၀၀ ကျော် ထည့်သွားခဲ့တာ ဖြစ်ပါတယ်။ လီဝင်ဒေါ့စကီးဟာ အထူးဆော့ဖ်ဝဲတစ်ခုရဲ့ အကူအညီနဲ့ လျှို့ဝှက်အချက်အလက်ပေါင်း ၉.၇ ဂစ်ဂါဘိုက်ကို ဒေါင်းလုပ်ဆွဲပြီး External Hard Drive တစ်ခုထဲ လွှဲပြောင်းခဲ့ပါတယ်။

Photo: CNBC
အချက်အလက် ခိုးယူပြီးနောက် သဲလွန်စသက်သေ ဖျောက်ဖျက်ဖို့အတွက် သူဟာ Operating System သစ်တစ်ခုကို ထည့်သွင်းခဲ့တယ်လို့ တရားစွဲဆိုမှုမှာ ဖော်ပြထားပါတယ်။၂၀၁၆ ဇန်နဝါရီလထဲမှာ Google က အလုပ်ထွက်ပြီးနောက် သူဟာ Uber ရဲ့ Robocar ပရောဂျက်ကို ဦးဆောင်ခဲ့ပါတယ်။ ၂၀၁၇ မှာ ကုန်သွယ်ရေးလျှို့ဝှက်ချက် ခိုးယူမှုနဲ့ Uber ကနေ အလုပ်ထုတ်ခံခဲ့ရပါတယ်။
လီဝင်ဒေါ့စကီးဟာ သူ့လုပ်ရပ်အတွက် Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ကို ဒေါ်လာ ၁၇၉ သန်း လျော်ခဲ့ရပြီးနောက် ဒီနှစ် မတ်လထဲမှာ လူမွဲစာရင်း သွင်းခဲ့ရတယ်လို့ BBC သတင်းက ဆိုပါတယ်။ ပြင်သစ် - အမေရိကန်နွယ်ဖွား လီဝင်ဒေါ့စကီဟာ မောင်းသူမဲ့ ထရပ်ကားကုမ္ပဏီ Pronto နဲ့ Otto တို့ကိုလည်း တည်ထောင်ထားသူ ဖြစ်ပါတယ်။
Tech Crunch သတင်းအရ အမှုပေါင်း ၃၃ ခုနဲ့ တရားစွဲခံထားခဲ့ရတဲ့ လီဝင်ဒေါ့စကီးဟာ မောင်းသူမဲ့ ထရပ်ကားကုမ္ပဏီ Otto ဝယ်ယူမှုနဲ့ ပတ်သက်ပြီး Uber ကို ဒေါ်လာ ၄.၁ ဘီလျံ ရလိုကြောင်း ပြန်ပြန်စွဲထားတယ်လို့ ဆိုပါတယ်။