ဩစတြေးလျကနေ လာ့စ်ဗီးဂတ်ကို ကုမ္ပဏီကွန်ဖရင့် လာတက်တဲ့ ဆော့ဖ်ဝဲလ်ကုမ္ပဏီအမှုဆောင်အရာရှိချုပ်တစ်ဦးဟာ ခရီးသွားဟန်လွှဲ လူအသက်ကယ်တင်မှု လုပ်ခဲ့ပါတယ်။
Atlassian ဆော့ဖ်ဝဲလ်ကုမ္ပဏီ ပူးတွဲ CEO နဲ့ တည်ထောင်သူ စကော့တ် ဖာကူဟာ ဟာ ပြီးခဲ့တဲ့ ဧပြီလက ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ကနေ လာ့စ်ဗီးဂတ်စ်ကို လာပြီး ကုမ္ပဏီကွန်ဖရင့်တက်ခဲ့ပါတယ်။ Team '22 ကွန်ဖရင့်ဟာ Atlassian ဝန်ထမ်းတွေ တွေ့ဆုံမှုနဲ့ ကုမ္ပဏီဆော့ဖ်ဝဲလ်အသုံးချမှုအကြောင်း တက်ရောက်ဟောပြောကြတာပါ။ ဒီပွဲမှာ ဖာကူဟာနဲ့ Disney CEO ဟောင်း ဘော့ပ်အိုက်ဂါအပါအဝင် Speaker အတော်များများ တက်ရောက်ခဲ့ကြပါတယ်။
ဧပြီ ၅ ရက်နေ့မှာ စတင်တဲ့ အစီအစဉ် မတိုင်ခင် သုံးညလောက်အလိုက ဖာကူဟာနဲ့ သူ့မိတ်ဆွေတစ်ဦးဟာ Caesars Palace မှာ ရှိတဲ့ Omnia နိုက်ကလပ်မှာ ညစာထွက်စားခဲ့တယ်လို့ ဆိုပါတယ်။ ကလပ်မှာ စားကြသောက်ကြရင်းနဲ့ အကကြမ်းပြင် Dance Floor ကနေ အိမ်သာကို အသွားမှာ စကော့တ် ဖာကူဟာဟာ လူတစ်ယောက်လဲကျနေတာ တွေ့ခဲ့ရပါတယ်။
ဩစတြေးလျမှာ ကင်းထောက်တစ်ယောက်အဖြစ် ဆယ်စုနှစ်တစ်ခုကြာ သင်တန်းတက်ခဲ့တဲ့ ဖာကူဟာ ဟာ ဒီအဖြစ်ကို တွေ့တာနဲ့ ချက်ချင်း အရေးပေါ် အသက်ကယ်တင်မှုလုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ သူဟာ မေ့မျောနေတဲ့ လူရဲ့ အနားကို ကပ်ပြီး CPR လို့ခေါ်တဲ့ နှလုံးပြန်ခုန်အောင် လုပ်တဲ့နည်းနဲ့ အသက်ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဖာကူဟာဟာ အရင်က CPR အရေးပေါ် အသက်ကယ်တင်မှုကို အရုပ်တွေနဲ့ အကြိမ်ကြိမ် လေ့ကျင့်ခဲ့သူ ဖြစ်ပြီး လူတစ်ယောက်ကို ဒီနည်းနဲ့ အသက်ကယ်တာဟာ ဒီတစ်ကြိမ် ပထမဆုံးပဲလို့ ပြန်ပြောပြခဲ့ပါတယ်။
လူနာကို အသက်ရှုနိုင်အောင် သူကြိုးစားနေချိန် ကလပ်လုံခြုံရေးတစ်ယောက်က သူ့ကို လာတားတာကြောင့် "ဒါဆို မင်းလာလုပ်ပေးမလား" လို့ ဖာကူဟာက ပြန်မေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီနောက်မှာ လုံခြုံရေးက သူ့ကို ဆက်အသက်ကယ်ခွင့်ပြုလိုက်ပြီးနောက် ဖာကူဟာဟာ သတိလစ်နေသူကို နှလုံးခုန်အောင် ရင်ဘတ်ကို လက်နဲ့တွန်းတာ ၊ အသက်ရှုကူတာမျိုး ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်တော့ ဝိုင်းအုံလာတဲ့လူတွေထဲက ပလတ်စတစ်လက်အိတ်စွပ်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတစ်ဦးကပါ ဝင်ပြီး သူ့အိတ်ထဲက ပစ္စည်းတွေ ထုတ်ပြီး ဝိုင်းကူညီခဲ့ပါတယ်။ သတိလစ်နေတဲ့ လူနာဟာ ကြမ်းပြင်ပေါ် ပြန်ရပ်လာနိုင်ခဲ့ပေမယ့် မျက်နှာမှာ သွေးမရှိအောင် ဖြူဖွေးနေပြီး အသက်ရှုတာကလည်း အားနည်းနေတာကြောင့် ကျန်းမာရေးဝန်ထမ်းက လူနာကို ဝှီးချဲပေါ်တင်ကာ ဆေးရုံခေါ်သွားခဲ့ပါတယ်။
နောက်ပိုင်းမှာ သူအသက်ကယ်ပေးလိုက်တဲ့သူ အသက်ရှင်ကြောင်း ပြန်ကြားရတယ်လို့ ဆိုပါတယ်။ ဖာကူဟာဟာ ဩစတြေးလျအခြေစိုက် Atlassian ဆော့ဖ်ဝဲလ်ကုမ္ပဏီမှာ ရှယ်ယာ ၂၂% ပိုင်ဆိုင်ပြီး ဒေါ်လာ ၁၀ ဘီလျံကျော် ချမ်းသာသူ ဖြစ်ပါတယ်။ သူ့အနေနဲ့ မှန်ကန်တဲ့အလုပ်တစ်ခု လုပ်ခဲ့တဲ့အတွက် ဂုဏ်ယူကြောင်း ပြောဆိုခဲ့ပါတယ်။