ဆော်ပေါလိုမြို့မှာ ကျင်းပပြုလုပ်တဲ့ Sao Paulo Fashion Week ပွဲမှာ ပါဝင်ခဲ့သူ ဘရာဇီး အမျိုးသားမော်ဒယ်တစ်ဦးဟာ လျှောက်လမ်းပေါ်မှာ လဲကျပြီးနောက် သေဆုံးသွားခဲ့ပါတယ်။
(လျှောက်လမ်းမှာ လဲကျသွားသည့် မော်ဒယ်) (Photo: Getty Images)
အွန်လိုင်းမှာထွက်ပေါ်လာတဲ့ ဗီဒီယိုတစ်ခုအရ အသက် ၂၆ နှစ်အရွယ် ဘရာဇီးမော်ဒယ် တဲလက်စ်ဆိုရက်စ် (Tales Soares) ဟာ ဖက်ရှင်ရှိုးလျှောက်နေစဉ်အတွင်း နောက်ပြန်လှည့်ခဲ့ပြီးနောက် လျှောက်လမ်းပေါ်ကို မှောက်လျက်လဲကျသွားခဲ့တာ တွေ့ရပါတယ်။
မော်ဒယ်တဲလက်စ် လဲကျသွားခဲ့စဉ်မှာ ပရိသတ်အချို့က ဖက်ရှင်ရှိုးပွဲရဲ့ တင်ဆက်မှုတစ်ခုလို့ အစောပိုင်းမှာ ထင်ခဲ့မိကြတယ်လို့ ပြောပါတယ်။ Sao Paulo ဖက်ရှင်ပြပွဲအတွင်း စနေနေ့ (ဧပြီ ၂၇ ရက်) က Ocksa အမှတ်တံဆိပ် ဖက်ရှင်တွေကို ဝတ်ဆင်ပြသနေစဉ် မော်ဒယ်တဲလက်စ် လဲကျသေဆုံးခဲ့တာ ဖြစ်ပါတယ်။
(မော်ဒယ်တဲလက်စ်ကို ဆေးရုံပို့ရန် ပြင်ဆင်နေစဉ်) (Photo: AP)
၎င်းဟာ ဖက်ရှင်ရှိုးလျှောက်လမ်းမှာ လဲကျသွားခဲ့ပြီးနောက် ပါးစပ်မှအမြှုပ်ထွက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက တဲလက်စ်ကို လျှောက်လမ်းပေါ်မှာ ကနဦး ကုသပေးခဲ့ပြီးနောက် ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီးနောက် မော်ဒယ်တဲလက်စ် သေဆုံးသွားခဲ့ပါတယ်။ မော်ဒယ်ရဲ့ အေဂျင်စီက ထုတ်ပြန်မှုအရ တဲလက်စ်ဟာ ကျန်းမာရေးပြဿနာများရှိကြောင်း မည်သည့်အခါကမျှ ပြောခဲ့ဖူးခြင်းမရှိဘူးလို့လည်း သိရပါတယ်။
(မသေဆုံးမီ တဲလက်စ်၏ နောက်ဆုံးဖက်ရှင်လျှောက်လမ်းပုံရိပ်) (Photo: Reuters)
"သူက ကျန်းမာရေးနဲ့အညီ နေထိုင်စားသောက်သူပါ၊ သက်သတ်လွတ်စားခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်၊ မူးယစ်ဆေးလို တရားမဝင်တာတွေလည်း မသုံးခဲ့ပါဘူး၊ ဒီ ဖက်ရှင်ရှိုးပွဲမှာ ပါဝင်ဖို့အတွက် ပြီးပြည့်စုံတဲ့ အခြေအနေမှာရှိခဲ့သူပါ၊ အခုလို အလွန်ဝမ်းနည်းကြေကွဲစရာ အခိုက်အတန့်မှာ သူ့ကို လေးစားမှုရှိကြဖို့ တောင်းဆိုပါတယ်" လို့ တဲလက်စ်ရဲ့ မော်ဒယ်အေဂျင်စီ Base MGT ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
(တဲလက်စ် တင်ထားခဲ့သည့် Instagram ပို့စ်) (Screen Capture: Tales Cotta IG)
လက်ရှိမှာ ဘရာဇီးမော်ဒယ်တဲလက်စ် လဲကျသေဆုံးရတဲ့ အကြောင်းရင်းကို မသိရသေးဘဲ အလောင်းစစ်ဆေးမှုပြီးမှသာ သိနိုင်မယ်လို့ တာဝန်ရှိသူတွေကဆိုပါတယ်။ မော်ဒယ်တဲလက်စ်က မသေဆုံးမီ နာရီပိုင်းအတွင်း ၎င်းရဲ့ Instagram မှာ ဓာတ်ပုံတွေတင်ခဲ့ပြီး Sao Paulo Fashion Week အကြောင်း ပြောခဲ့သေးတယ်လို့ BBC သတင်းက ဖော်ပြပါတယ်။ Sao Paulo ဖက်ရှင်ရှိုးပွဲကို ဧပြီ ၂၂ ရက်မှ ၂၇ ရက်အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။