လီဗာပူးနည်းပြ ကလော့ပ်က သူ့အနေနဲ့ ဒီကနေ့ညမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကျင်းပမယ့် ပီအက်စ်ဂျီအိမ်ကွင်းရဲ့ မြက်ခင်းပြင် အနေအထားကို စိတ်မချဘူးလို့ ပြောကြားလိုက်ပါတယ်။ အစပိုင်းက ဒီနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့မှာ ကျင်းပဖို့ စီစဥ်ခဲ့တာပါ။
ဒါပေမယ့် ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုကြောင့် ယူအီးအက်ဖ်အေက ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က ပီအက်စ်ဂျီအိမ်ကွင်းမှာ ပြောင်းရွှေ့ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကွင်းရဲ့ မြက်ခင်းပြင်အသစ်ကို ပြီးခဲ့တဲ့ကြာသပတေး မနက် (၁) နာရီကမှ အသစ်ပြန်လည်ခင်းကျင်းခဲ့တာပါ။
အဲ့ဒီနောက်မှာတော့ ဗိုလ်လုပွဲအတွက် အဆင်သင့်ဖြစ်စေဖို့ ဝန်ထမ်းတွေက ရေများများလောင်းပြီး ကြိုးပမ်းနေရတာဖြစ်ပါတယ်။ ကလော့ပ်ဟာ ဒီကွင်းထဲကို ပထမဆုံးရောက်ပြီးတဲ့နောက် ကွင်းအနေအထားအပေါ် သံသယဖြစ်ခဲ့ပြီး ကွင်းလယ်ဒိုင် တာပင်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ကွင်းအခြေအနေကိုတော့ ဆင်ခြေပေးနေမှာ မဟုတ်ဘူးလို့ ကလော့ပ်က ပြောပါတယ်။
ကလော့ပ်က “ပုံမှန်အားဖြင့် ကွင်းမြက်ခင်းပြင်က အသစ်ပုံစံပေါက်နေတယ်ဆိုရင် ကျနော်ကတော့ သတင်းကောင်းလို့ ပြောမှာပါ။ ဒါပေမယ့် မနေ့ကမှ အသစ်ခင်းထားတာဆိုရင်တော့ ဒါက သတင်းကောင်း မဟုတ်တော့ပါဘူး။ ဒါပေမယ့် နှစ်သင်းလုံးအတွက် တူညီတဲ့ကွင်းတကွင်းပါပဲ။ သတင်းကောင်းအနေနဲ့ကတော့ ဘောလုံးက ပုံမှန်အတိုင်း ခုန်နိုင်တယ်၊ ရွေ့လျားနိုင်တယ်ဆိုတာပါပဲ”
“ပွဲမကန်ခင် တရက်အလိုမှ ကွင်းမြက်ခင်းပြင်ကို အသစ်ပြန်ခင်းတာက စိတ်ဝင်စားစရာပါ။ ဒါပေမယ့် ကျနော့်ရဲ့ စိတ်ခံစားချက်ကို ဒီကိစ္စက (၁) ရာခိုင်နှုန်းတောင် မသတ်နိုင်ပါဘူး။ ကျနော်တို့ ရောက်နေတဲ့နေရာအတွက် ကျနော် ပျော်ရွှင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပွဲရလဒ်၊ ကွင်းမြက်ခင်းပြင်အပေါ်မှာလည်း ကလော့ပ်က “သေချာတာက ခင်ဗျားနိုင်သွားပြီဆိုရင် ကွင်းအခြေအနေကို ခင်ဗျား ဂရုစိုက်တော့မှာမဟုတ်ပါဘူး။ ဒါ လွယ်ကူတဲ့ကိစ္စတရပ်ပါ။ ကွင်းမြက်ခင်းပြင် ဘယ်လောက်ကောင်းတယ်၊ ဆိုးတယ် ကျနော် မသိပါဘူး။ မြင်ပဲမြင်ရတာပါ”
“ဒါက ပြီးပြည့်စုံတာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော့်အမြင်မှာတော့ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။