ပထမအကျော့မှာ နှစ်ဂိုးပြတ်ရှုံးနိမ့်ထားတဲ့ လိုင်လီက ဒီပွဲမှာ ဖွန်တေ၊ ဘမ်ဘာ၊ အန်ဒရီ၊ ယီလ်မက်ဇ်၊ ဂျိုနသန်ဒေးဗစ်တို့ကိုပဲ အမာခံထားပြီး ပွဲထွက်လာခဲ့ပါတယ်။ နှစ်ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့် လက်ကျန်မျှော်လင့်ချက်အတွက် လိုင်လီတို့ ချဲလ်ဆီးကို ဖိအားပေးကစားနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ချဲလ်ဆီးကလည်း မန်ဒီ၊ ခရစ္စတန်ဆန်၊ သီယာဂိုဆေးလ်ဗား၊ ရူဒီဂါ၊ အက်ဇ်ပီလီကွီတာ၊ အလွန်ဆို၊ ကန်တေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟို၊ ပူလီဆစ်၊ ဟာဗက်ဇ်တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ ချဲလ်ဆီးတို့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာတော့ ပွဲကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။
ဦးဆောင်ဂိုးရခဲ့တာကတော့ လိုင်လီဖြစ်ခဲ့ပြီး ဂျော်ဂျင်ဟိုရဲ့ လက်ထိဘောကတဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ယီလ်မက်ဇ်က အပိုင်ကန်သွင်းယူခဲ့ပါတယ်။ ဂျော်ဂျင်ဟို လက်နဲ့သိသိသာသာ တားဆီးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး VAR အဆုံးအဖြတ်နဲ့ ပင်နယ်တီသတ်မှတ်ပေးခဲ့တာပါ။
ဒါပေမယ့် ချဲလ်ဆီးတို့ ပထမပိုင်းမပြီးခင်မှာတင် ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ဂျော်ဂျင်ဟိုကပဲ ပူလီဆစ်ရဲ့ ပြေးလမ်းကြောင်းထဲကို အကွက်မြင်မြင်နဲ့ ခင်းပေးခဲ့တာဖြစ်ပါတယ်။ ဒီဘောလုံးကိုတော့ ပူလီဆစ်က ဂိုးသမားရဲ့ အဝေးထောင့်ထဲကို ကန်သွင်းပြီး ပထမပိုင်းမှာ တဂိုးစီသရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။
ချဲလ်ဆီးကွင်းလယ်က ဂျော်ဂျင်ဟို ခြေပျက်နေခဲ့ပြီး လိုင်လီကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကန်တေ၊ ကိုဗာဆစ်၊ ဂျော်ဂျင်ဟိုအတွဲက အလုပ်မဖြစ်ဘဲ ဒုတိယပိုင်းမှာတော့ ကိုဗာဆစ်နေရာမှာ မေဆင်မောင့်ကို ထည့်သွင်းပြီး တူဟယ်လ်က အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာလည်း နှစ်သင်းလုံးရဲ့ ကစားပုံက အိုင်နေဆဲဖြစ်ပြီး လိုရာရောက်ဖို့ ခက်ခဲနေခဲ့ပါတယ်။ လိုင်လီက ဇီခါရဲ့ အပိုင်ခေါင်းတိုက်ချက်တကြိမ် တိုင်ထိထွက်ခဲ့တာကလည်း လိုင်လီအတွက် တော်တော်လေး နစ်နာစေခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပြီး မေဆင်မောင့်ရဲ့ ဖြတ်တင်ဘောကို အသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက ပြေးဝင်ပိတ်သွင်းခဲ့ပါတယ်။
နောက်ပိုင်းမှာ နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် ချဲလ်ဆီးတို့ ၁-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ပဲ ပွဲကိုအနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးနဲ့ နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။