အခြားကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ကာကွယ်ဖို့အတွက်ပါ။

ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ လက်စတာနဲ့ပွဲမှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးခဲ့သူလည်း ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းအတွက် ခြေစွမ်းပြကစားပေးနေတဲ့ လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းမှာ ရေရှည်ဆက်လက်ရှိနေမယ့် စာချုပ်သစ်ချုပ်ဆိုဖို့အတွက် စကားပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Telegraph က ဖော်ပြသွားခဲ့ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားရဲ့ ပုံစံအသစ်နဲ့ ယူနိုက်တက်မှာ ရက်ရှ်ဖို့ဒ်က အဓိကတိုက်စစ်မှူးအဖြစ် ပါဝင်ကစားနေပြီး ခြေစွမ်းပြနေကာ စုစုပေါင်း (၁၀)ပွဲကစားခဲ့ရာမှာ (၆)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီအတွက် ရက်ရှ်ဖို့ဒ်ကို ဥရောပအင်အားကြီးအသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါကြောင့် ယူနိုက်တက်က အသင်းရဲ့ အကယ်ဒမီထွက်ကစားသမားကို အိုးထရက်ဖို့ဒ်မှာ နှစ်ရှည်ရှိနေဖို့အတွက် လက်ရှိရရှိနေတဲ လုပ်ခလစာရဲ့ နှစ်ဆအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ကို တစ်ပတ်လုပ်ခ ပေါင်တစ်သိန်းခွဲအထိ ပေးချေသွားဖို့ ယူနိုက်တက်ဘက်က ပြင်ဆင်နေပြီး အန်သိုနီမာရှယ်လိုမျိုး နှစ်ရှည်စာချုပ်ချုပ်ဆိုဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

နောက်နှစ်ဘောလုံးရာသီအကုန်မှာ ရက်ရှ်ဖို့ဒ်နဲ့ ယူနိုက်တက်တို့ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ ကလပ်အသင်းကြားမှာ နောက်ထပ်တစ်နှစ် စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှု ရရှိထားလို့ ရက်ရှ်ဖို့ဒ်ဟာ ၂၀၂၁ ခုနှစ်အထိ ယူနိုက်တက်မှာ ဆက်လက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်ရဲ့ ကြိုးပမ်းလာနိုင်တဲ့ အရိပ်အယောင်တွေကြောင့် ယူနိုက်တက်က ရက်ရှ်ဖို့ဒ်ကို စာချုပ်သစ်ချုပ်ဆိုဖို့ စတင်ကြိုးပမ်းလာခဲ့ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားလက်ထက်မှာ တိုးတက်လာခဲ့တဲ့ ခြေစွမ်းတွေကြောင့် ရက်ရှ်ဖို့ဒ်ဟာ ဥရောပရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးစာရင်းထဲကို ဝင်ရောက်လာခဲ့ပြီး အခြားသော အင်အားကြီးကလပ်တွေကလည်း ရက်ရှ်ဖို့ဒ်ကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က