Intel Lab ဟာ ကွမ်တမ်တွက်ချက်မှုစနစ် ဖွံ့ဖြိုးရေးအခန်းကဏ္ဍကို အရှိန်မြှင့်မယ့် cryogenic လို့ခေါ်တဲ့ control chip တစ်မျိုးကို မိတ်ဆက်ပြသခဲ့ပါတယ်။
Horse Ridge ဆိုပြီး ကုဒ်နာမည်ပေးထားတဲ့ cryogenic control chip ဟာ quantum bits (qubits) အမြောက်အများကို ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး ကွမ်တန်ကွန်ပျူတာခေတ်ကို လက်တွေ့ဖြစ်လာစေရေးမှာ အရေးပါတဲ့ မှတ်တိုင်တစ်ခုလို့ Venturebeat သတင်းက ဆိုပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် chipmaker တစ်ခု ဖြစ်တဲ့ Intel နဲ့ နယ်သာလန်နိုင်ငံ Delft နည်းပညာတက္ကသိုလ်က QuTech က သုတေသီတွေနဲ့ ပူးပေါင်းပြီး cryogenic control chip ကို ဖန်တီးခဲ့တာပါ။
လက်ဖက်ရည် ပန်းကန်ပြားတစ်ချပ် အရွယ်အစား ရှိတဲ့ ဒီချပ်စ်ဟာ ကွမ်တမ်စနစ်တစ်ခုထဲမှာ လုပ်ဆောင်မယ့် အီလက်ထရွန်းစ်နစ်ပစ္စည်းတွေကို ထိန်းချုပ်တာပါ။ Horse Ridge ဟာ ကွမ်တမ်ကွန်ပျူတာတွေမှာ အများဆုံး ကြုံရတဲ့ ဝိုင်ယာချိတ်ဆက်မှုပြဿနာကို ဖြေရှင်းနိုင်မယ်လို့ဆိုပါတယ်။ ကွမ်တမ် ကွန်ပျူတာအများစုမှာ အက်တမ်ရွေ့လျားမှု ရပ်မယ့် ရေခဲလုနီးပါးအပူချိန် ဖြစ်အောင် လုပ်ထားတဲ့ အထူးအအေးခန်းထဲမှာ qubits တွေကို ထားရတာပါ။
ဝိုင်ယာကြိုးတွေနဲ့ တစ်ခြား ဆက်စပ် အီလက်ထရောနစ်ပစ္စည်းတွေဟာ အထူးသီးသန့်အအေးခန်း အပြင်ဘက်မှာ ထားရပါတယ်။ ဒီလိုထားရှိခြင်းဟာ qubits တွေဆီ ဝိုင်ယာကြိုးတွေနဲ့ သတင်းအချက်အလက် ပေးပို့ရယူဖို့ အလွန်ခက်ခဲစေတယ်လို့ ဆိုပါတယ်။ Intel က ထုတ်တဲ့ Horse Ridge chip ဟာ Intel ရဲ့ 22 nanometer FinFET နည်းပညာနဲ့ ထုတ်လုပ်ထားတာပါ။
Horse Ridge ဟာ သုညအပူချိန်ထက် ၇ ဒီဂရီဖာရင်ဟိုက်ပဲ ပူနွေးတဲ့ အပူချိန်မှာ အလုပ်လုပ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာပါ။ အက်တမ်တွေဟာ လုံးဝအေးခဲတဲ့ အပူချိန် သုညဒီဂရီမှာ လှုပ်ရှားမှု ရပ်ဆိုင်းပါတယ်။ ဝိုင်ယာကြိုး ရာပေါင်းများစွာ မလိုတဲ့ System on Chip (SoC) ချပ်စ်တစ်ခု ဖြစ်ပြီး အအေးခန်းထဲက qubits တွေကို ထိန်းချုပ်ဖို့ ရေဒီယိုကြိမ်နှုန်း processor တစ်ခုလိုလည်း လုပ်ဆောင်တာကြောင့် အကွာအဝေးနဲ့ cable ကြိုးပြဿနာလည်း လျော့ပါးစေမယ်လို့ ဆိုပါတယ်။
Photo: geekwire
" qubits ဘက်ကို အများစု အာရုံစိုက်နေချိန်မှာ အဲဒီလို qubits အမြောက်အများကို ထိန်းချုပ်ခြင်းဟာလည်း ဒီနယ်ပယ်မှာ စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ အခုဆို ကျွန်တော်တို့ဟာ qubits တွေကို အအေးပေးဖို့အတွက် ရှုပ်ထွေးတဲ့ ဝိုင်ယာတွေ မပါဘဲ အထဲမှာတင် စတင် ထိန်းချုပ်နေပါပြီ။" လို့ Intel ရဲ့ Quantum Hardware ပိုင်း ညွှန်ကြားရေးမှူး ဂျင်မ်ကလာ့ခ်က ပြောပါတယ်။
ကွမ်တမ်ကွန်ပျူတာ တွက်ချက်မှုပိုင်းမှာ အသာစီးရဖို့ Google ၊ Microsoft ၊ IBM နဲ့ Intel တို့ဟာ အပြိုင်အဆိုင် တီထွင်ကြံဆမှုတွေ လုပ်နေပါတယ်။ မကြာသေးမီ Google ဟာ 53 qubits သုံး Sycamor လို့ခေါ်တဲ့ ကွမ်တမ်တွက်ချက်ရေး chips တစ်ခုကို မိတ်ဆက်ခဲ့ပြီး ဒီစက်ဟာ လက်ရှိအမြန်ဆုံး စူပါကွန်ပျူတာနဲ့ တွက်ချက်ရင် နှစ် ၁ သောင်းအထိ ကြာနိုင်တဲ့ ပုစ္ဆာကို စက္ကန့် ၂၀၀ တည်းနဲ့ ဖြေရှင်းနိုင်မယ်လို့ ကြေညာခဲ့ပါတယ်။