ကွယ်ကဘောဆေးရုံကို Lock Down လုပ်လိုက်ပါတယ်။

လူနာအမှတ် ၁၅၂၊ ၁၅၃၊ နဲ့ ၁၅၄ တို့ ဟာ အင်းစိန် ကွယ်ကဘောဆေးရုံက သူနာပြုတွေ ဖြစ်ကြပြီး ဧပြီလကုန်ခန့်အထိ အလုပ်ဆင်းခဲ့ကြတယ်လို့ အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကို ပြောပါတယ်။

လက်ရှိတော့ သူတို့အလုပ်လုပ်ကိုင်ကြတဲ့ အင်းစိန်မြို့နယ်၊ ရွာမအရှေ့ရပ်ကွက်၊မင်းကြီးလမ်းပေါ်က ကွယ်ကဘောဆေးရုံကို မေလ ၃ ရက်နေ့ ည ၁၀ နာရီခန့်က Lock Down လုပ်ခဲ့ပြီး ဆေးရုံမှာ ရှိနေကြတဲ့ ကျန်းမာရေးဝန်ထမ်း ၄၇ ဦး၊ လူနာ ၂၆ ဦးနဲ့ လူနာစောင့် ၄၁ ဦး စုစုပေါင်း ၁၁၄ ဦးကိုလည်း အသွားအလာကန့်သတ်လိုက်ပြီဖြစ်ပါတယ်။

Photo- အင်းစိန်မြို့နယ်က ကွယ်ကဘောဆေးရုံကို Lock Down ပြုလုပ်ထားသည်ကို မြင်တွေ့ရစဉ်။

“ သူနာပြု ၃ ဦးဟာ ဧပြီလကုန်လောက်အထိအလုပ်ဆင်းခဲ့ကြတယ်လို့ ကနဦးသတင်းရထားပါတယ်။ ဒီ ၃ ဦးကတော့ အဆောင်အတူနေတဲ့ လူနာအမှတ် ၁၅၁ မှာ ရောဂါပိုးတွေ့ပြီးတဲ့နောက် Quarantine စင်တာကိုပို့ဆောင်ထားပြီးသားဖြစ်ပါတယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က Duwun ကိုပြောပါတယ်။

မေလ ၁ ရက်နေ့တုန်းက လူနာအမှတ် (၁၅၁) မှာ ရောဂါပိုးတွေ့ရှိပြီးတဲ့နောက် သူနဲ့အတူ ကျန်ရှိတဲ့ အဆောင်နေသူ (၆) ဦးကို Facility Quarantine စင်တာကို ပို့ဆောင်ပြီး ဓာတ်ခွဲစစ်ဆေးရာမှာ အင်းစိန် ကွယ်ကဘောဆေးရုံက သူနာပြု (၃) ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။

သူတို့နေထိုင်ခဲ့တဲ့ အဆောင်ရှိရာ ကြို့ကုန်းအနောက်ရပ်ကွက်က ခဝဲခြံ (၂) လမ်းကိုတော့ မေလ ၁ ရက်နေ့ကတည်းက အသွားအလာကန့်သတ်ထားပြီးဖြစ်ပါတယ်။


လူနာအမှတ် ၁၅၁ ကတော့ ပုဂ္ဂလိကကျောင်းတစ်ခုက ဆရာမတစ်ဦးဖြစ်ပြီး သူအလုပ်လုပ်တဲ့ ကျောင်းနာမည်၊ အချက်အလက်တွေကို တိတိကျကျသတင်းထုတ်ပြန်ထားတာတော့ မရှိသေးသလို Duwun ကအင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိပါဘူး။

“ လူနာအမှတ် ၁၅၁ အလုပ်လုပ်တဲ့ကျောင်းကတော့ အင်းစိန်မြို့နယ်ကတော့ မဟုတ်ပါဘူး။ ဘယ်မြို့နယ်ကလဲဆိုတာ့ ကျန်းမာရေးဘက်ကပဲ သိတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဒါကို သိရှိထားခြင်းမရှိပါဘူး” လို့ အင်းစိန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက Duwun ကိုပြောပါတယ်။

မေလ ၄ ရက်နေ့အထိ ဆိုရင် အင်းစိန်မြို့နယ်မှာ ပိုးတွေ့လူနာ ၂၇ ဦးရှိပြီး ရန်ကုန်တိုင်းအတွင်း ပိုးတွေ့လူနာအများဆုံးမြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က