ကယားပြည်နယ်အစိုးရက တရားစွဲထားတဲ့ ကရင်နီလူငယ် ၆ ဦးက ထွက်ပြေးတိမ်းရှောင်နေတာ မဟုတ်ဘဲ ၎င်းတို့ ၆ ဦးလုံး စုစည်းပြီးပါက တရားရင်ဆိုင်သွားမယ်လို့ တရားစွဲခံရသူတစ်ဦးဖြစ်တဲ့ ခူးရီဒူက Duwun ကို ပြောပါတယ်။
Photo- KNGY (ဖေဖော်ဝါရီလအတွင်းက ဗိုလ်ချုပ်ကြေးရုပ်ရွှေ့ဆိုင်းရေးဆန္ဒပြပွဲ ပြုလုပ်စဉ်)
ကယားပြည်နယ်ဝန်ကြီးချုပ် အပါအဝင် စီမံ/ဘဏ္ဍာဝန်ကြီးတို့ကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ တိုင်းရင်းသားနဲ့ ဗမာတွေကြားမှာ သွေးခွဲစေရန် လှုံဆော်တဲ့သူတွေဖြစ်တယ်လို့ ကရင်နီလူငယ် ၆ ဦး စုပေါင်းပြီး မတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားတဲ့ ကြေညာချက်အရ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ပြည်နယ်အစိုးရကနေ အဆိုပါ ကရင်နီလူငယ် ၆ ဦးကို ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၁၀ နဲ့ တရားစွဲဆိုထားပြီး လက်ရှိတော့ တစ်ဦးမှ ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
“ကျွန်တော်တို့က ရှောင်တိမ်းတာမဟုတ်ဘူး။ ကျွန်တော်တို့ ၆ ဦးလုံး ဆုံပြီးရင် တရားရင်ဆိုင်မယ်။ အခုတော့ ကျွန်တော်အိမ့်ကို ပိုပြီးလာတယ်။ ရဲတွေက ဆက်တိုက်လာပြီးတော့ မိသားစုတွေကို စစ်ဆေးမေးမြန်းတာမျိုးရှိတယ်။ ပုဒ်မ ၁၀ က ဆင့်ခေါ်စာပို့စရာမလိုဘဲ တွေ့တဲ့နေရာမှာ ဖမ်းလို့ရတဲ့ အမှုလို့ ရဲကတော့ ပြောထားပါတယ်“ လို့ တရားစွဲဆိုခံရသူ ခူးရီဒူက Duwun ကိုပြောပါတယ်။
တရားစွဲဆိုခံထားရတဲ့ ကရင်နီလူငယ် (၆) ဦးမှာ ခူးရီးဒူ၊ခူးကြူးဖဲကေး၊ ကိုစစ်မုန်း (ခ) ဒီးဒီ၊ မျိုးလှိုင်ဝင်း၊ ဂျွန်ပေါလ်၊ ခွန်းသောမတ်စ်တို့ဖြစ်ပြီး ဗိုလ်ချုပ်ကြေးရုပ်ဖျက်သိမ်းရေးသပိတ်ကော်မတီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့သူတွေ လည်းဖြစ်ပါတယ်။ ကယားပြည်နယ် လွိုင်ကော်မြို့ ကန္ဒာဟေဝန်ပန်းခြံမှာ ဆောက်လုပ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီး ကရင်နီလူငယ်တွေက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ထောင်နဲ့ ချီသပိတ်မှောက်ဆန္ဒပြမှု တွေ ပြုလုပ်ခဲ့ပါတယ်။
အဲဒီလို ဆန္ဒပြမှုတွေ အပြီး ကရင်နီလူငယ်တွေနဲ့ ကယားပြည်နယ်အစိုးရတို့အကြား ကြေးရုပ်ဖျက်သိမ်းရေး အစည်းအဝေးတွေ ကျင်းပခဲ့ပြီးနောက် လက်ရှိအချိန်ထိ ပြေလည်မှုမရသေးဘဲ ကယားပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာရတဲ့ အဆင့်ထိ ဖြစ်လာခဲ့တယ်လို့လည်း သိရပါတယ်။