အမေရိကန်မှာ ဆန်ဖရန်စစ္စကိုမြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရှိ အခြားနေရာများမှာ နေထိုင်ကြသူတွေဟာ ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၉ ရက်) မနက်ပိုင်းက လိမ္မော်ရောင်ရင့်ရင့်နဲ့ အနီရောင်သမ်းနေတဲ့ ကောင်းကင်ကို မြင်တွေ့ခဲ့ကြရပါတယ်။

(Photo: Reuters)
ယခင်ကတည်းက ကပ်ရောဂါကြောင့် စိုးရိမ်ပူပန်စရာ အခက်အခဲကြုံနေရတဲ့ နှစ်တစ်နှစ်အတွင်း မကောင်းတဲ့ နမိတ်တစ်ခုအဖြစ် ရှုမြင်ကြသူတွေလည်းရှိခဲ့တယ်လို့ ဆိုပါတယ်။ ထိုနေ့ မနက်ပိုင်းမှာ ကယ်လီဖိုးနီယားမှာ ကောင်းကင်ဟာ အလွန်မှောင်မဲနေခဲ့ပြီး နေ့ဟာညအသွင်ဖြစ်နေခဲ့ပြိး နေရာအချို့မှာတော့ ပြာမှုန်တွေက နှင်းတွေကဲ့သို့ ကျနေခဲ့ပါတယ်။
ကယ်လီဖိုးနီးယားမှာ လေတိုက်ခတ်မှုနဲ့အတူ တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားနေမှုမှ ထွက်ပေါ်လာတဲ့ မီးခိုးနဲ့ ပြာမှုန်တွေကြောင့် ကောင်းကင်အရောင်ဟာ ထိတ်လန့်စရာ မကောင်းတဲ့ နမိတ်တစ်ခုအဖြစ် ခံစားရနိုင်တဲ့ အခြေအနေသို့ ပြောင်းလဲနေခဲ့တာ ဖြစ်ပါတယ်။

(Photo: AFP)
"ဒီမနက် တွေ့ရတဲ့ လိမ္မော်ရောင်နဲ့ အနီရောင်သမ်းနေတဲ့ ကောင်းကင်ကြီးက တောမီးလောင်မှုကနေ ထွက်လာတဲ့ လေထုထဲက မီးခိုးတွေကြောင့်ပါ၊ ဒီ မီးခိုးမှုန်လေးတွေကြောင့် အပြာရောင်အလင်းကို မမြင်တော့ဘဲ အဝါရောင်-လိမ္မောရောင်-အနီရောင် အလင်းကိုသာ မြင်ရတော့ပြီး ကောင်းကင်အရောင်က လိမ္မော်ရောင်ဖြစ်နေခဲ့ပါတယ်" လို့ San Francisco Bay လေထုအရည်အသွေးဆိုင်ရာ အဖွဲ့အစည်းမှ တာဝန်ရှိသူတွေက Twitter မှာ ပြောထားပါတယ်။
(Photo: AFP)
(Photo: Reuters)
မီးသတ်သမား ၁၄,၀၀၀ ခန့်က ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း အဓိက တောမီးလောင်မှုနေရာ ၂၈ ခုမှာ မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပါတယ်။ ကယ်လီဖိုးနီးယား တောမီးကြောင့် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး မြေဧက ၂.၅ သန်းကျော် မီးလောင်ကျွမ်းသွားခဲ့ပြီး ဖြစ်ပါတယ်။ ထိုအတောအတွင်း အမေရိကန်နိုင်ငံ အော်ရီဂွန်ပြည်နယ်မှာလည်း မကြုံစဖူး တောမီးလောင်မှုတွေ အကြီးအကျယ် ဖြစ်ပွားမှုကြောင့် မြိုငယ် ၅ မြို့ဟာ မီးလောင်ပျက်စီးသွားခဲ့ပြီး လူအများအပြား သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ကိတ်ဘရောင်းက စက်တင်ဘာ ၉ ရက်နေ့မှာ ပြောခဲ့ကြောင်း သိရပါတယ်။
.