အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းမှာ ဖြစ်ပွားနေခဲ့တဲ့ တောမီးလောင်မှုတစ်ခုဟာ ကိုယ်ဝန်လွယ်ထားရတဲ့ ကလေးငယ်ဟာ ယောက်ျားလေး သို့မဟုတ် မိန်းကလေးဖြစ်ကြောင်း ထုတ်ဖော်ကြေညာတဲ့ ပါတီပွဲ (Gender reveal party)မှာ မီးရှူးမီးပန်း ပစ်ဖောက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဌာက ယနေ့ (စက်တင်ဘာ ၇ ရက်) ပြောပါတယ်။

မီးရှူးမီးပန်းမှ စတင်လောင်ကျွမ်းခဲ့တဲ့ El Dorado တောမီးက မြေဧက ၇,၀၀၀ ကျော်ကို လောင်ကျွမ်းသွားခဲ့ပြီး လူဦးရေ ၃,၀၀၀ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရကြောင်း မီးသတ်သမားတွေက ဆိုပါတယ်။ El Dorado တောမီးဟာ ကိုယ်ဝန်လွယ်ထားရတဲ့ ကလေးငယ်က ယောက်ျားလေး သို့မဟုတ် မိန်းကလေးဖြစ်ကြောင်း ထုတ်ဖော်ကြေညာတဲ့ပွဲမှာ အသုံးပြုခဲ့တဲ့ မီးရှူးမီးပန်း ပစ်လွှတ်တဲ့ကိရိယာကြောင့် စတင်ဖြစ်ပွားခဲ့တယ်လို့ California Fire Department (Cal Fire) က ထုတ်ပြန်ချက်တစ်ရပ်မှာ ပြောထားပါတယ်။

တောမီးဟာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ အရှေ့ဘက် ၇၂ မိုင်အကွာ Yucaipa မြို့ရှိ El Dorado Ranch Park မှာ ဒေသစံတော်ချိန် စနေနေ့ (စက်တင်ဘာ ၅ ရက်) မနက်ပိုင်းမှာ စတင်လောင်ကျွမ်းခဲ့ကြောင်း Sky News က ဖော်ပြထားပါတယ်။ တနင်္ဂနွေနေ့ (စက်တင်ဘာ ၆ ရက်) ညပိုင်းအထိ မြေဧက ၇,၀၅၀ ကို လောင်ကျွမ်းသွားခဲ့ပြီး မီးလောင်မှု ၅ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း Cal Fire က ပြောပါတယ်။ El Dorado တောမီးကို မီးသတ်သမား ၅၀၀ ကျော်နဲ့ မီးသတ်ရဟတ်ယာဥ် လေးစီးဖြင့် ငြှိမ်းသတ်နေပါတယ်။
ဆက်စပ်သတင်းတစ်ရပ်အရ ကယ်လီဖိုးနီးယားမှာ တောမီးများ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းနေမှုအတွင်း Sierra သစ်တောအတွင်းရှိ ထင်ရှားတဲ့ အပန်းဖြေနေရာ Mammoth Pool ရေလှောင်တမံရဲ့ တစ်ခုတည်းသောလမ်း ပိတ်ဆို့သွားခဲ့ရာ လူ ၂၀၇ ဦးကို ရဟတ်ယာဥ်များဖြင့် ကယ်ဆယ်ခဲ့ရကြောင်းလည်း သိရပါတယ်။ ရဟတ်ယာဥ်များဖြင့် ရွှေ့ပြောင်းပေးခဲ့သူတွေအနက် မီးလောင်ဒဏ်ရာရသူအချို့ အပါအဝင် ၂၀ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း Madera ကောင်တီ ရဲတပ်ဖွဲ့အကြီးအကဲက စက်တင်ဘာ ၆ ရက်နေ့မှာ Twitter မှတစ်ဆင့် ပြောခဲ့ပါတယ်။
(Photo: Sky News)
တနင်္ဂနွေနေ့ (စက်တင်ဘာ ၆ ရက်) ဒေသစံတော်ချိန် မွန်းလွဲပိုင်းအထိ တောမီးကို ထိန်းချုပ်နိုင်ခြင်း မရှိသေးဘဲ မီးသတ်သမား ၁၅,၀၀၀ နီးပါးက ပြည်နယ်တစ်ဝန်း နေရာ ၂၄ ခုခန့်မှာ ဖြစ်ပွားနေတဲ့ တောမီးလောင်မှုတွေကို ငြှိမ်းသတ်ရန် ကြိုးပမ်းနေခဲ့ကြောင်း ကယ်လီဖိုးနီးယား သစ်တောနဲ့ မီးဘေးကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းမှာ ပြီးခဲ့တဲ့ သီတင်းသုံးပတ်အတွင်း တောမီးလောင်မှုတွေကြောင့် လူရှစ်ဦး သေဆုံးပြီး နေအိမ်နဲ့ အဆောက်အအုံ ၃,၃၀၀ ပျက်စီးခဲ့ကြောင်း သိရပါတယ်။
.