အမေရိကန်နိုင်ငံမှာ ဝါရှင်တန်ပြည်နယ်ဟာ ကွယ်လွန်သူတွေကို မြှုပ်နှံခြင်း သို့မဟုတ် မီးသင်္ဂြိုဟ်ခြင်းမပြုဘဲ သဘာဝအတိုင်း မြေဆွေးဖြစ်စေမှုကို တရားဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံးပြည်နယ် ဖြစ်လာပါတယ်။
(ဥပဒေသစ်ပြဌာန်းနိုင်ရန် စည်းရုံးလှုံ့ဆော်ခဲ့သည့် ကက်ထရီနာ) (Photo: Elaine Thompson/AP)
ဝါရှင်တန်ပြည်နယ်မှာ ဥပဒေသစ်အရ လူတွေအနေနဲ့ ၎င်းတို့ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်ကို မြှုပ်နှံခြင်း သို့မဟုတ် မီးသဂြိၤုဟ်ခြင်းမပြုဘဲ သဘာဝအတိုင်းမြေဆွေးအဖြစ် ပြောင်းလဲရန်ရွေးချယ်နိုင်ပြီလို့ ဆိုပါတယ်။
ဥပဒေသစ်အရ ခွင့်ပြုလိုက်တဲ့ ယခုလုပ်ငန်းစဉ်ဟာ လူတွေ ကွယ်လွန်ပြီးနောက် ခန္ဓာကိုယ်ကို မြှုပ်နှံခြင်းနဲ့ မီးသဂြိၤုဟ်ခြင်းတို့အပြင် အခြား ရွေးချယ်စရာတစ်ခုဖြစ်ပြီး သင်္ချိုင်းမြေနေရာ ရှားပါးလာတဲ့ မြို့ကြီးတွေမှာ လက်တွေ့ကျတဲ့ ရွေးချယ်မှုတစ်ခုလို့လည်း ရှုမြင်ထားကြပါတယ်။
(ဥပဒေသစ်သစ် လက်မှတ်ရေးထိုးစဉ်တွေ့ရသည့် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ကက်ထရီနာ) (Photo: CNN)
ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးဖြစ်စေပြီးပါက ၎င်းချစ်ခင်ရသူတွေထံ ပေးအပ်သွားမှာဖြစ်ပြီး အဆိုပါ မြေဆွေးကို ပန်းပင်များ၊ ဟင်းသီးဟင်းရွက်ပင်များ သို့မဟုတ် သစ်ပင်များ စိုက်ပျိုးရာမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ကွယ်လွန်သူရဲ့ရုပ်ကြွင်းကို မြေဆွေးပြုလုပ်ခွင့် ဥပဒေမူကြမ်းအား ဝါရှင်တန်ပြည်နယ်အုပ်ချုပ်ရေးမှူး Jay Inslee က အင်္ဂါနေ့ (မေ ၂၁ ရက်) မှာ လက်မှတ်ရေးထိုးကာ ဥပဒေအဖြစ် စတင်သက်ရောက်စေခဲ့ကြောင်း သိရပါတယ်။ ဝါရှင်တန်မှာ ယခု ဥပဒေသစ်ကို ပြဌာန်းနိုင်ရန် စည်းရုံးလှုံ့ဆော်ခဲ့တဲ့ အမျိုးသမီး ကက်ထရီနာ စပိတ်ဒ်က ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးပြုလုပ်ပေးတဲ့ ပထမဆုံး ကုမ္ပဏီတစ်ခုကို တည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။
(ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးဖြစ်သွားမှု) (Photo: NBC News)
"မြေဆွေးပြုလုပ်မှုက အလောင်းကိုမပုပ် မသိုးအောင် ဆေးစီရင်တာနဲ့ မြှုပ်နှံတာ ဒါမှမဟုတ် မီးသဂြိုၤဟ်တာတွေ မဟုတ်တဲ့ အခြား ရွေးချယ်စရာတစ်ခုပါ၊ ဒါက ကာဗွန်ထုတ်လွှတ်မှုတွေနဲ့ မြေအသုံးပြုမှုကို သိသိသာသာ လျှော့ချနိုင်ပါလိမ့်မယ်" လို့ ကက်ထရီနာက AFP သတင်းဌာနကို ပြောခဲ့ပါတယ်။ ကက်ထရီနာက သူမရဲ့ Recompose ကုမ္ပဏီက ကွယ်လွန်သူရဲ့အလောင်းကို မြေဆွေးပြုလုပ်မှုလုပ်ငန်းစဉ်ကိုလည်း ရှင်းပြခဲ့ပါတယ်။
သူမ ရှင်းပြမှုအရ ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို alfalfa အပင်၊ သစ်သားအပိုင်းအစများနဲ့ ကောက်ရိုးတို့ ဖြည့်ထားတဲ့ ဆဋ္ဌဂံပုံစံ စတီးလ်သေတ္တာအတွင်း ထည့်ထားမှာဖြစ်ပါတယ်။ ထို့နောက် စတီးလ်သေတ္တာကို ပိတ်ထားမှာဖြစ်ပြီး အတွင်းမှာထည့်ထားတဲ့ လူ့ခန္ဓာကိုယ်ဟာ ရက် ၃၀ အတွင်း သဘာဝအတိုင်း ဆွေးမြည့်သွားကာ တစ်ဘီးတပ် မြေသယ်တွန်းလှည်းငယ်နှစ်ခုစာ မြေဆွေးကိုရရှိမယ်လို့ ဆိုပါတယ်။
(သင်္ချိုင်းတစ်ခုမြင်ကွင်း) (Photo: Shutterstock)
ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို မြေဆွေးဖြစ်စေခြင်းကို ဆွီဒင်နိုင်ငံမှာ ယခင်ကတည်းက တရားဝင် ခွင့်ပြုထားပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း ကွယ်လွန်သူရဲ့ ခန္ဓာကိုယ်ကို ခေါင်းတလားမပါဘဲ မြေကြီးထဲမှာ တိုက်ရိုက်မြှုပ်နှံခြင်း သို့မဟုတ် ဆွေးမြည့်သွားနိုင်တဲ့ ခေါင်းတလားထဲမှာထည့်ပြီး မြှုပ်နှံခြင်းကဲ့သို့ သဘာဝအတိုင်း မြေမြှုပ်ခြင်းကို တရားဝင် ခွင့်ပြုထားကြောင်းကြောင်း သိရပါတယ်။