ခိုင်နှင်းဝေက လာရောက်အပ်နှံတဲ့ ကလေးတိုင်းကို မွေးစားဖို့ မဖြစ်နိုင်သေးဘူးလို့ဆိုပါတယ်။ အခက်အခဲများစွာကြားက ကလေးငယ်ကို စောင့်ရှောက်ဖို့ မဖြစ်နိုင်တော့တဲ့ Single Mother များနဲ့ သက်ငယ်မုဒိန်းကျင့်ခံရသူတွေရဲ့ ကလေးငယ်များကိုသာ မွေးစားသွားမယ်လို့ သိရပါတယ်။
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေဟာ သူမဆီကို ကလေးမွေးစားဖို့ လာပေးတဲ့သူတွေ အရမ်းများလာတာကြောင့် နောက်ထပ် လက်ခံမွေးစားဖို့ အဆင်မပြေသေးဘူးလို့ ဆိုပါတယ်။ ဒါကြောင့် လက်ရောက်အပ်နှံမယ့် ကလေးများရဲ့ အနေအထားကို သတ်မှတ်မယ်လို့ ပြောပါတယ်။
‘’ကျွန်မရဲ့ ရင်ခွင်ရိပ်မှာ ကလေးတွေ အခုဆို များသထက်များလာပါပြီ ။ ကျွန်မ ကလေးလေးတွေ လက်ခံပြီး မွေးပေးတယ်ဆိုတဲ့ သတင်းကြောင့် ကျွန်မထံသို့ ကလေးတွေ နေ့စဉ်နဲ့အမျှ လာရောက်အပ်နှံကြတယ်။ ကျွန်မမှာလည်း တစ်ယောက်ထဲ ရပ်တည်နေရတဲ့ အခြေအနေတခုဖြစ်တာကြောင့် လာအပ်နှံတဲ့ ကလေးတိုင်းကို လက်ခံဖို့ မလွယ်ကူသေးတဲ့ အခြေအနေတခုကို ရင်ဆိုင်နေရတော့ ကျွန်မအနေဖြင့် သတ်မှတ်ချက်လေးတစ်ခုထားဖို့ လိုအပ်လာပြီမို့ ဒီ Post လေး တင်ပေးလိုက်ပါတယ်ရှင်’’ လို့ သူကဆိုပါတယ်။
Photo: ခိုင်နှင်းဝေ
ခိုင်နှင်းဝေဟာ Single Mother များနဲ့ သက်ငယ်မုဒိန်းကျင့်ခံရသူက မွေးလာတဲ့ ကလေးငယ်ကိုသာ လက်ခံမွေးစားမယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေရဲ့ ဘဝကိုလည်း အလဟသ မိဘမဲ့တစ်ယောက်အဖြစ် မခံယူစေချင်ဘူးလို့လည်း သူကပြောပါတယ်။
‘’ကျွန်မ ခိုင်နှင်းဝေ ရင်ခွင်မှာ အခက်အခဲ အရမ်းဖြစ်နေတဲ့ ပတ်ဝန်းကျင်မှာ မိမိတို့အခက်အခဲကို မသိစေလိုလို့ ကလေးကို ဘယ်လိုမှ မစောင့်ရှောက်နိုင်တဲ့ Single Mom များနှင့် သက်ငယ်မုဒိန်း ကျင့်ခံရသူ ကလေးငယ်များ ရဲ့ ကလေးများကိုသာ ကျွန်မ လက်ခံ မွေးပေးပါမယ်ရှင်။ မိစုံဖစုံရှိလျှက် ကလေးများပြားနေလို့ အိမ်မှာ မကျွေးနိုင်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ ကလေးငယ်လေးတွေကို မိဘမဲ့ အဖြစ်မခံကြပါနဲ့ရှင်။ ကလေးတွေအနေနဲ့လည်း မောင်နှမတွေ များနေလို့ မိဘမဲ့ ဘဝရောက်တာမျိုး ဆို ဘဝတလျှောက်လုံး သိမ်ငယ်စိတ်နဲ့နေထိုင်သွားဖို့ ဆိုတာ ထက် မိဘရှိပြီး စားစရာ ရှာဖွေ စားသောက်ရတာကမှ သူတို့ စိတ်ပိုပျော်ရွှင်ကြလိမ့်မယ် လို့ ကျွန်မ သုံးသပ်တယ်’’ဆိုတာကို မေလ ၂၁ ရက်နေ့ နေ့လည် ၁၂ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
Photo: ခိုင်နှင်းဝေ
ကလေးအများကြီး မမွေးစားနိုင်သေးဘူးဆိုတဲ့ ခိုင်နှင်းဝေဟာ မိဘမဲ့ကလေးအဖြစ် ရောက်ရှိလာမယ့် ကလေးတွေကို စောင့်ရှောက်ပေးနိုင်ဖို့ သူနာပြုတွေ မခန့်ထားနိုင်သေးဘူးလို့ ဆိုပါတယ်။
‘’ကျွန်မ အနေနဲ့ လည်း ကလေးမွေးဖွားစဉ်ကစပြီး အသက်ကြီးတဲ့ထိ ပြုစုစောင့်ရှောက်ဖို့ဆိုတာ လက်ရှိအထိ ပင်တိုင်အလှူရှင် ခိုင်ခိုင်မာမာ မရှိသေးတာမျိုးရယ်ကြောင့် ကျွန်မ သတ်မှတ်လိုက်ရတဲ့အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ အခုဆို ကျွန်မမှာ အချိန်တန်ရင် ကုန်မယ့် နို့ဖူးဖိုး ဒိုက်ဘာဖိုး ဒါတွေအပြင် ကလေးတွေကို သေချာ ပြုစုစောင့်ရှောက်ပေးနိုင်မယ့် Nurse များလည်း မခန့်ထားနိုင်သေးတဲ့အတွက် အများအပြား လိုအပ်လာလို့ ကျွန်မ ကန့်သတ်ချက်တစ်ခု ထားလိုက်ရခြင်းဖြစ်ပါတယ်။ ကျွန်မကို ယုံကြည်မှုနဲ့ လှူ ဒါန်းပေးကြတဲ့ အလှူရှင်များအားလုံးကိုလည်း
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ကလေးတို့ရဲ့ မေမေ ခိုင်နှင်းဝေ’’ လို့ ဆက်လက်ရေးသားထားတာဖြစ်ပါတယ်။
Photo: ခိုင်နှင်းဝေ
ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ မင်းသမီးချောလေး ခိုင်နှင်းဝေကတော့ ဆင်းရဲသားပြည်သူတွေကိုလည်း တစ်ဖက် တစ်လမ်းက ကူညီစောင့်ရှောက် တတ်သလို ဘုရား၊ တရားကိုလည်း မမေ့မလျှော့ ဆောင်ရွက်တတ်သူတစ်ဦးပါ။ ဘာသာရေး၊ သာသနာရေး တွေလည်း အဆက်မပြတ်ဆောင်ရွက်လေ့ရှိပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံ ခိုလမြို့မှာရှိတဲ့ ခိုင်နှင်းဝေ ပရ ဟိတအသင်းသားတွေနဲ့ အတူတူ ပရဟိတအလုပ်တွေနဲ့ အတူတူမကြာခဏ အလှူအတန်း တွေသွားရောက် လုပ်ကိုင် ဆောင်ရွက်ပေးဖြစ်တယ်လို့ သိရပါတယ်။