အာဆင်နယ်ဂိုးသမားဟောင်းကြီးဖြစ်တဲ့ ယန်းလေမန်းကတော့ လာမယ့်နှစ်မှာ ဒေါ့မွန်ရဲ့ နာမည်ကျော်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကို အာဆင်နယ်တို့ ခေါ်ယူနိုင်မယ်လို့ ဖွင့်ဟပြောကြားလာပါတယ်။
အသက် (၂၁) နှစ်အရွယ် ဟာလန်းဟာ လက်ရှိ ဥရောပရဲ့ အတောက်ပဆုံး ထိပ်သီးကြယ်ပွင့်ဖြစ်နေပြီး သူ့ကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေပါတယ်။ ဒေါ့မွန်ကလည်း သူတို့ရဲ့အဓိကတိုက်စစ်မှူးကို လက်မလွှတ်ရဖို့အတွက် လစာနှစ်ဆပေးပြီး စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။
ဒါပေမယ့်လည်း ဟာလန်းကတော့ သူ့ရဲ့ကစားသမားဘဝ နောက်တစ်ဆင့်တက်ရေးအတွက် ထိပ်တန်းအသင်းတစ်သင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ဒီအနေအထားမှာ အာဆင်နယ်တို့ ဟာလန်းကို ခေါ်ယူနိုင်ခြေနဲ့ ပတ်သက်လို့ လေမန်းက အခုလိုပဲပြောကြားလာခဲ့ပါတယ်။
လေမန်းက “ဟာလန်းပိုင်ဆိုင်ထားတဲ့ အရပ်အမောင်းနဲ့ ခွန်အားက တကယ့်ကို ခန့်ခန့်ညားညားပါပဲ။ သူ့ရဲ့ ညာခြေနဲ့ပတ်သက်လို့ တိုးတက်မှုတွေရှိဖို့ လိုအပ်သေးတာ ဟုတ်တာပေါ့။ ဒါပေမယ့် လူကောင်ကြီးမားတဲ့ သူ့လိုကစားသမားမျိုးက ဒီလောက်ကြီးမြန်လွန်းတာ ကျွန်တော် တစ်ခါမှမမြင်ဖူးပါဘူး”
“သူက အခုထိ ဒေါ့မွန်မှာပဲရှိပါသေးတယ်။ သူ သွားနိုင်ခြေရှိတဲ့အသင်း၊ သူ့အတွက် မတူကွဲပြားမှုတွေပေးနိုင်တဲ့အသင်းက များများစားစားမရှိပါဘူး။ သူ ယူနိုက်တက် ဒါမှမဟုတ် အာဆင်နယ်ကို သွားကောင်းသွားနိုင်ပါတယ်။ အဲ့ဒီနေရာတွေမှာဆိုရင် သူက အသင်းကို ထိပ်ဆုံးအဆင့်ထိ ပြန်ဆွဲတင်ပေးနိုင်မှာလေ” လို့ သုံးသပ်ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဟာလန်းရဲ့ စာချုပ်လျော်ကြေးက လာမယ့်နွေရာသီမှာ ယူရို (၇၅) သန်းဝန်းကျင်သာရှိတော့မှာဖြစ်ပြီး ရီးရဲယ်မက်ဒရစ်က အမ်ဘာပေကိုသာ ခေါ်ယူနိုင်ခဲ့ရင် ဟာလန်းကိုခေါ်ယူဖို့ လက်တွန့်ဖွယ်ရှိပါတယ်။ ဒါပေမယ့် PSG က အမ်ဘာပေကိုသာ လက်လွှတ်ခဲ့ရရင် ဟာလန်းကိုအရခေါ်ယူဖွယ်ရှိပြီး ကစားသမားအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း အေးဂျင့်ရွိုင်အိုလာက ပြောကြားခဲ့ဖူးပါတယ်။