ရန်ကုန်မှာ အညာချက်လက်ရာထမင်းဆိုင်ကောင်းကောင်းလေးရှာနေသူတွေအတွက် အညာသူရောင်းတဲ့ စျေးတန်၊လက်ရာကောင်းအညာထမင်းဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ရွှေညာသူထမင်းဆိုင်လေးရဲ့အစ
ဒီထမင်းဆိုင်လေးကတော့ ပုဂံညောင်ဦးမြို့နယ် စဥ့်ကူကဒေသခံတွေဖွင့်လှစ်ထားတဲ့ ရွှေညာသူမြန်မာထမင်း ဆိုင်လေးပါ။ဆိုင်သက်တမ်းနှစ်၃၀နီးပါးရှိပြီဖြစ်ပြီး ဖောက်သည်အခိုင်အမာနဲ့ရပ်တည်နေတဲ့ အညာထမင်းဆိုင် လေးဖြစ်ပါတယ်။ဒီဆိုင်လေးရဲ့အစကတော့ လမ်းဘေးထမင်းဆိုင်လေးအဖြစ် အလုံကကွင်းကျောင်းလမ်းမှာ စတင်ဖွင့်လှစ်ခဲ့တာပါ။ဆိုင်ရှင်ဇနီးမောင်နှံဟာ ရေကြည်ရာမြတ်နုရာရှာဖွေဖို့ လမ်းစရိတ် (၁၅၀)နဲ့ အညာကနေ ရန်ကုန်ကိုတတ်လာခဲ့ပြီး အောက်ခြေကနေကြိုးစားရင်း ကိုယ်ပိုင်ဆိုင်ခန်းနဲ့အောင်မြင်တဲ့ထမင်းဆိုင်လုပ်ငန်းကို ဦးစီးလုပ်ကိုင်နေကြသူတွေဖြစ်ပါတယ်။

“အမေပေးလိုက်တဲ့လမ်းစရိတ်(၁၅၀)နဲ့ လင်မယားနှစ်ယောက်ရွာကနေရန်ကုန်တတ်လာကြတာ။ဘုန်းကြီး ကျောင်းကပေးတဲ့ဟင်းပေါင်းစားပြီးလင်မယားနှစ်ယောက်ကြိုးစားခဲ့တာပါ။ ထမင်းဆိုင်မဖြစ်ခင်က ကွမ်းယာဆိုင်အရင်ဖွင့်တာ။ ကွင်းကျောင်းလမ်း ကွင်းကျောင်းဘုန်းကြီးကျောင်းဘေးမှာ အဲ့ကနေမှ နောက်ပိုင်းဟင်းလေးတစ်မျိုးနှစ်မျိုးလောက်နဲ့ ထမင်းဆိုင်လေးစဖွင့်တာ။ ကိုယ့်အညာအိမ်မှာချက်သလိုလေး ကိုယ်ချက်တတ်သလိုလေးပဲချက်ရောင်းတာ။ကိုယ်ကစေတနာထားပြီးရောင်းတော့စားသုံးသူတွေကလည်း အားပေးကြနဲ့ ဆိုင်လေးကတဖြည်းဖြည်းဖြစ်လာတာပေါ့။ကွင်းကျောင်းဆရာတော်တွေရဲ့ ကျေးဇူးတွေ လည်းများပါတယ်။”လို့ ရွှေညာသူထမင်းဆိုင်ရှင် ဒေါ်မြင့်မြင့်ဌေးကပြောပါတယ်။
အောင်မြင်စေတဲ့ခွန်အားတွေ
ဒီလိုကြိုးစားမှု၊ရုန်းကုန်မှုတွေနဲ့စတင်ခဲ့တဲ့ ဒီထမင်းဆိုင်လေးရဲ့ အောင်မြင်မှုအဓိကသော့ချက်က စေတနာနဲ့ သည်းခံမှုကြောင့်ပါလို့ ဒေါ်မြင့်မြင့်ဌေးကပြောပါတယ်။ ရန်ကုန်ရောက်စကကြုံခဲ့ရတဲ့ အခက်ခဲတွေ၊ ခွဲခြားဆက်ဆံခံရမှူတွေကို ခွန်အားအဖြစ်ပြောင်းလဲခဲ့တယ်လို့ သူကပြောပြပါတယ်။
“ရန်ကုန်ရောက်စကကြုံခဲ့ရတာတွေကတော့စုံနေတာပါပဲ၊လိုင်းကားခမရှိလို့ ကုန်းကြောင်းလျှောက်ခဲ့ဖူးတယ်။ ကိုယ့်နောက်မှာအင်အားမရှိတော့ ကိုယ့်ဘဝနဲ့ကဒီလိုဖြစ်လာမယ်ထိမမှန်းခဲ့ဘူးလေ။ ဒါပေမယ့်လည်း ဖြစ်သလို စားမယ်၊ရအောင်ကြိုးစားမယ်ဆိုတဲ့စိတ်ကတော့ရှိတယ်။အရင်လမ်းဘေးမှာရောင်းတုန်းကဆို တိုက်ခန်း(၇)လွှာ မှာဟင်းထမင်းတွေချက်ပြီး တတ်လိုက်ဆင်းလိုက်နဲ့အလုပ်လုပ်ခဲ့တာပဲ။စေတနာပုံမှန်ထားတော့ ကိုယ့်ကို ကူညီသူလည်းပေါတယ်။အဲ့လိုခံယူချက်တွေနဲ့ပဲခုချိန်ထိကြိုးစားနေတုန်းပါ”လို့ ဒေါ်မြင့်မြင့်ဌေးကပြောပါတယ်။
မွေးရပ်မြေကလူငယ်တွေအတွက်ပါ ထည့်သွင်းစဉ်းစားပေးသူ
ရွှေညာသူထမင်းဆိုင်နာမည်ရလာတဲ့အခါ ရန်ကုန်မှာအလုပ်လုပ်ချင်တဲ့ ရွာခံလူငယ်၊လူရွယ်တွေဟာ ဒေါ်မြင့်မြင့်ဌေး ဆီရောက်ရှိလာကြပါတယ်။ ထမင်းဆိုင်မှာအလုပ်လုပ်ရင်း ထမင်းဆိုင်လုပ်ငန်းနဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကိုသင်ပေးပြီး လုပ်ငန်းကျွမ်းကျင်လာတဲ့အခါ တခြားမြို့နယ်တွေမှာကိုယ်ပိုင် ဆိုင်ဖွင့် လှစ်ချင်သူတွေကိုလည်းခွင့်ပြုထားတယ်လို့သိရပါတယ်။
“ ဒီလိုကြီးမအောင်မြင်ခင် ကိုယ်ရန်ကုန်မှာနည်းနည်း အဆင်ပြေပြီဆိုကတည်းက ကိုယ့်ရွာကလူတွေကိုလေ ကိုယ်လိုအခက်ခဲ ဖြစ်မှာဆိုးလို့ ရွာကလူတွေလာခဲ့ကိုယ်နိုင်သလောက်ကူတယ်။ကွမ်းယာလဲရောင်းတော့ ကိုယ်ကထုံးစပ်ပေး လိုက်တယ်။သူတို့ကိုနေရာရှာခိုင်းတယ်ပြီးရင်ရောင်း ကွမ်းယာရောင်းတဲ့သူကရောင်း ထမင်းရောင်းတဲ့ သူကရောင်းပဲ။ကိုယ့်ဆိုင်မှာလုပ်လည်းသင်ပေးတယ် သူတို့လုပ်တတ်သွားလို့ ဒီမှာမလုပ်ချင်တော့ဘူး တခြားမှာလုပ်ချင်တယ်ဆိုလည်းခွင့်ပြုတယ်။ရန်ကုန်ရောက်ထဲက ရွာကသူတွေခေါ်တာ တစ်သောင်းလောက်ရှိပြီ။ အခုလက်ရှိ ဆိုင်မှာလုပ်နေတဲ့ဝန်ထမ်းက ၂၀ရှိတယ်။”လို့ ဒေါ်မြင့်မြင့်ဌေးက ပြောပါတယ်။
တစ်ရက်ကိုဆန်နှစ်အိတ်ကုန်အောင်ရောင်းကောင်း
ရွေညာသူထမင်းဆိုင်လေးလူကြိုက်များရတဲ့ အဓိကအချက်ကတော့ သန့်ရှင်းသပ်ရပ်ပြီးစျေးတန်လက်ရာ ကောင်းတာကြောင့်ဖြစ်ပါတယ်။အညာအိမ်ချက်လက်ရာလေးအတိုင်းချက်ပြုတ်ထားတဲ့ ဟင်းအမယ်တွေက စုံလင်များပြားစားကောင်းလှပါတယ်။ဆိုင်ရောင်းအားကလည်းတစ်ရက်ကို ဆန်နှစ်အိတ်လောက်ပုံမှန်ကုန်တယ် လို့သိရပါတယ်။
အရံဟင်း(၄)မျိုးနဲ့အဝစား(၃၅၀၀)
ဒီဆိုင်လေးမှာထမင်းစားမယ်ဆိုရင်တော့ ရွေးချယ်စရာဟင်းအမျိုးအစားက (၄၀)နီးပါးရှိပြီး ထမင်းကတော့ ရွှေဘိုပေါ်ဆန်းမွှေးကိုချက်ထားတာပါ။ဟင်းတစ်ပွဲမှာယူလိုက်တာနဲ့ထမင်းအဝစားနိုင်ပြီးအညာငရုပ်သီးထောင်း၊ငရုပ်သီးစိမ်းငပိထောင်း၊အညာနှမ်းဖက်ချဥ်၊ပဲဟင်းချို၊ငါးပိရည်တို့စရာအစုံ စတဲ့အရန်ဟင်းတွေကိုလည်း အခမဲ့ရရှိမှာဖြစ်ကာ ထမင်းစားပြီးရင်းလည်း အညာထန်းညက်စစ်စစ်လေးနဲ့ အစာကြေအချိုတည်းနိုင်ပါတယ်။ ဒီလိုအားလုံးပါ၀င်တဲ့စားဖွယ်တွေ အတွက် ၃၅၀၀ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်။
ရွှေညာသူထမင်းဆိုင်လေးရဲ့လိပ်စာ
ရွှေညာသူထမင်းဆိုင်လေးရဲ့ လိပ်စာလေးကတော့ အမှတ်(၆၃)၊ကွင်းကျောင်းလမ်း၊အလုံမြို့နယ် Ph-09799626727, 09763272211ဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက်၆နာရီဖြစ်ပါတယ်။ မနက်၉နာရီနောက်ပိုင်း ကတော့ဟင်းပွဲတွေအစုံရပြီး နေ့လည်၂နာရီနောက်ပိုင်းဆိုရင်တော့ ရွေးချယ်စရာဟင်းပွဲတွေ နဲသွားပြီဖြစ် ပါတယ်။အညာငရုပ်သီးထောင်း ပဲဟင်းချိုလေးသောက်ပြီး ထမင်းစားမြိန်မြိန်စားချင်သူတွေအတွက် ဒီဆိုင်လေးကိုညွှန်းဆိုပေးလိုက်ပါတယ်။