လီဗာပူးအသင်းဟာ အမ်ကေဒွန်းအသင်းကို အနိုင်ရရှိခဲ့တဲ့ ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ သတ်မှတ်ချက်နဲ့မပြည့်မီတဲ့ကစားသမားကို အသုံးပြုခဲ့ကြောင်း ထွက်ပေါ်လာခဲ့ပြီးနောက် ကရာဘောင်ဖလားပြိုင်ပွဲကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရတယ်လို့ Metro ရဲ့ဖောြ်ပချက်အရ သိရပါတယ်။
လီဗာပူးကစားသမားတွေထဲက တစ်ဦးဟာ လိဂ်ဖလားပြိုင်ပွဲရဲ့ မှတ်ပုံတင်ခြင်းသတ်မှတ်ချက်တွေနဲ့ မကိုက်ညီမှုမှာကို စိုးရိမ်မှုတွေ ရှိနေချိန်မှာ EFL က ကရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်က ယင်းဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။
လီဗာပူးဟာ အမ်ကေဒွန်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ လူငယ်ကစားသမားတွေအများအပြားကို အသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပြိုင်ပွဲကနေ ထုတ်ပယ်ခံရတော့မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ The Athletic ရဲ့သတင်းအရ သိရပါတယ်။
“အသင်းအနေနဲ့ အသင်းရဲ့ကစားသမားတစ်ဦးနဲ့ စပ်လျဉ်းပြီး စီမံခန့်ခွဲမှုဆိုင်ရာပြဿနာတစ်ရပ်ဖြစ်နိုင်ဖွယ်ရှိတာကို သတိပြုမိနေပါတယ်”
“ဖြစ်စဉ်ရဲ့အကြောင်းအချက်ကို ဖော်ထုတ်နိုင်ဖို့အတွက် သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ အတူူတူ လုပ်ဆောင်သွားမှာဖြစ်ပြီး ယခုလုပ်ငန်းစဉ်မပြီးမချင်း နောက်ထပ်မှတ်ချက် ပေးသွားမှာမဟုတ်ပါဘူး”လို့ လီဗာပူးအသင်းရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
လီဗာပူးအသင်းဟာ တကယ်လို့ ကစားခွင့်မရှိတဲ့ ကစားသမားကို အသုံးပြုခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့မယ်ဆိုရင် ၂၀၁၄ ခုနှစ်တုန်းက ဆန်းဒါးလန်းအသင်းဖြစ်ခဲ့တဲ့အတိုင်းပဲ ဒဏ်ငွေဆောင်ပြီး ပြိုင်ပွဲကနေထုတ်ပယ်ခံရမယ့်အရေးကနေ ရှောင်လွှဲနိုင်လိမ့်မယ်လို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ၂၀၁၄ ခုနှစ်တုန်းက နိုင်ငံတကာပွဲကစားဖို့ တရားဝင်ခွင့်ပြုချက်မရရှိသေးတဲ့ တောင်ကိုရီးယားကစားသမား ဂျီဒေါင်ဝန်ကို ထည့်သွင်းကစားခဲ့တဲ့အတွက် ဒဏ်ငွေတပ်ရိုက်ခံခဲ့ရတာဖြစ်ပြီး လိဂ်ပြိုင်ပွဲကစားဖို့ သတ်မှတ်ချက်နဲ့မညီညွတ်တဲ့ကစားသမားက ဘယ်သူလဲဆိုတာကို EFL က အတည်ပြုပေးခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။