Foldable Smartphone တွေထက် ပိုပြီး နည်းပညာမြင့်တဲ့ Rollable Smartphone တွေကို နောက်နှစ်ထဲမှာ မြင်ရဖို့ ရှိပါတယ်။
LG ဟာ ခေါက်လိပ်ထားလို့ ရမယ့် Rollable ဖုန်းတွေကို ထုတ်လုပ်နေတာ ကြာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဩဂုတ်လထဲမှာ LG ရဲ့ Rollable ဖုန်းတွေရဲ့ 3D Render ဒီဇိုင်းတွေ ထွက်ပေါ်လာခဲ့ဖူးပါတယ်။ ပုံဒီဇိုင်းတွေကတော့ LG ရဲ့ မူပိုင်ခွင့်ပေါ် အခြေခံပြီး မှန်းဆဆွဲထားတဲ့ ပုံတွေ ဖြစ်ပါတယ်။ ဈေးကွက်ဝင် Rollable ဖုန်းကို နောက်နှစ်ဆန်းပိုင်းလောက်မှာ မိတ်ဆက်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

Photo: GSMArena
The Elec သတင်းအရ LG ဟာ B Project နာမည်နဲ့ Rollable smartphone ထုတ်ဖို့အတွက် လုပ်ဆောင်နေပြီး လာမယ့် ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းမှာ ဖြန့်ချိဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။ တောင်ကိုရီးယား Pyeongtaek မှာ ရှိတဲ့ LG စက်ရုံဟာ ခေါက်လိပ်နိုင် စမတ်ဖုန်းနမူနာမော်ဒယ်တွေ စတင် ထုတ်လုပ်နေပြီလို့လည်း ဆိုပါတယ်။
ဈေးကွက်ဝင်ထုတ်ကုန်တွေဟာ ဈေးကွက်ထဲ တရားဝင် မိတ်ဆက်မှု မလုပ်ခင်မှာ အစမ်းထုတ်လုပ်မှု ၃ ခါကနေ ၄ ခါအထိ လုပ်ဆောင်တတ်ပါတယ်။ Trial အစမ်းထုတ်လုပ်မှု တစ်ကြိမ်လုပ်တိုင်းမှာ စမတ်ဖုန်းအလုံးရေ တစ်ထောင်ကနေ နှစ်ထောင်အကြား ထုတ်လုပ်တာ ဖြစ်ပါတယ်။ LG အတွက် Rollable display ကို တရုတ်နိုင်ငံ BOE ကုမ္ပဏီက ထုတ်လုပ်ပေးသွားမယ်လို့ ဆိုပါတယ်။
၂၀၂၁ ပထမနှစ်ဆန်းမှာ မြင်ရမယ့် Project B ထုတ် Rollable ဖုန်းဟာ ပုံမှန် flagship ဖုန်းဒီဇိုင်းဖြစ်ပြီး ကုဒ်နာမည်ကို Rainbow လို့ နာမည်ပေးသွားဖို့ ရှိပါတယ်။ နောက်နှစ် ဒုတိယ ၆ လအတွင်း ထွက်လာမယ့် ဘေးဘက်ကို ဆွဲထုတ်နိုင်မယ့် အလျားလိုက်စမတ်ဖုန်းကတော့ ကုဒ်နာမည် Wing လို့ နာမည်ပေးထားပါတယ်။
Photo: phonearena
LG ဟာ စမတ်ဖုန်း display နည်းပညာပိုင်းမှာ ရှေ့တန်းက ရောက်တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်အောက်တိုဘာလထဲမှာ LG ဟာ စမတ်ဖုန်းတွေအတွက် ၆ လက်မအရွယ် Flaxible ပလတ်စတစ် အလွှာအုပ်ထားတဲ့ OLED display ကို ပထမဆုံး ထုတ်လုပ်ခဲ့သလို ၂၀၁၄ စက်တင်ဘာလထဲမှာလည်း စမတ်နာရီအတွက် ၁.၃ လက်မအရွယ် စက်ဝိုင်းပုံ Flexible OLED display ကို မိတ်ဆက်နိုင်ခဲ့ပါတယ်။
လက်ရှိမှာတော့ LG ရဲ့ မိုဘိုင်းစီးပွားရေးပိုင်းဟာ အရှုံးနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၂၀ ပထမ သုံးလပတ်မှာ ဝင်ငွေ ဝမ် ၉၉၈.၆ ဘီလျံ ရခဲ့ပြီး လုပ်ငန်းလည်ပတ်စရိတ် ဝမ် ၂၃၇.၈ ဘီလျံ အရှုံးပြနေတယ်လို့ ဆိုပါတယ်။