လိင်စိတ်ခံယူချက်ကွဲပြားသူ (LGBT) တွေမှာ မတူညီတဲ့လိင်စိတ်တိမ်းညွှတ်မှုကွဲပြားခြင်းက အားနည်းချက်မဟုတ်ဘဲ သာမန်အခြေအနေဖြစ်တယ်ဆိုတာကို လက်ခံပေးဖို့ ကမ္ဘာကြီးက တိုက်တွန်းနေပေမယ့်လည်း LGBT အများစုဟာ လုပ်ငန်းခွင်တွေမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရဆဲပါ။ လုပ်ငန်းခွင်အများစုမှာ LGBT လို့ ဆိုလိုက်တာနဲ့ အရည်အချင်းထက် အသွင်အပြင်ကိုပဲမြင်တတ်ကြပါတယ်။ ဘာကြောင့် လုပ်ငန်းခွင်တွေမှာ LGBTတွေ အနှိမ်ခံနေရတာလဲ၊ ဘာကြောင့် LGBT တွေကို အလုပ်မပေးချင်ကြတာလဲဆိုတာက ဖြေရခက်တဲ့ ပုစ္ဆာတစ်ခုအဖြစ်ရှိနေဆဲပါ။
LGBT တွေကို ဘယ်လိုမြင်တတ်ကြသလဲ
Photo: IndiaTime
LGBT တွေကို မြင်လိုက်တာနဲ့သူတို့က အလှအပနဲ့ဆိုင်တဲ့အလုပ်တွေ Make-Up Artist တွေအဖြစ်လူတွေက တန်းမြင်တတ်ကြပါတယ်။ တခြားလုပ်ငန်းခွင်က သူတို့တွေနဲ့ မသက်ဆိုင်သလို သတ်မှတ်တတ်ကြပါတယ်။
ဒီအချက်က LGBT တွေကို အလုပ်အကိုင်အခွင့်အလမ်းရှားပါးစေနိုင်ပါတယ်။ Beauty Industry မဟုတ်တဲ့ တခြားနယ်ပယ်တွေမှာ LGBT တွေ အလုပ်အကိုင်ရဖို့အတွက် ခက်ခဲစေပါတယ်။
တကယ်တမ်းတော့ လူတစ်ဦးရဲ့ လိင်စိတ်ခံယူချက်ထက် အရည်အသွေး၊ ကျွမ်းကျင်မှုက ပိုအရေးပါတာပါ။ လုပ်ငန်းခွင်မှာ LGBT တွေကိုခွဲခြားဆက်ဆံတာမျိုးက မျှတမှုမရှိပါဘူး။
လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ အခက်အခဲ
Photo: Carrers
LGBTတွေအတွက် လုပ်ငန်းခွင်အခက်အခဲက အလုပ်သွားလျှောက်တဲ့အချိန်မှာတည်းက ကြုံတွေ့ရင်ဆိုင်ရတာပါ။ အလုပ်ရှင်အများစုက LGBT တွေကို အလုပ်မခန့်ချင်သလို ကာယကံရှင်တွေကလည်း ကိုယ့်ရဲ့ရပ်တည်မှုနဲ့ပတ်သက်ပြီး သိမ်ငယ်စိတ်၊ ယုံကြည်မှုပျောက်ဆုံးတာမျိုးတွေရှိပါတယ်။
လိင်ဖြစ်တည်မှုအပေါ်မူတည်ပြီး လုပ်ငန်းခွင်အတွင်း ရာထူးတိုးတာ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ ပူးပေါင်းဆောင်ရွက်မှုနည်းတာ၊ အမှားအယွင်းတွေအပေါ်မှာ အပြစ်ပုံချခံရတာမျိုးတွေကိုလည်းကြုံတွေ့ရတတ်ပါတယ်။ ဒါတွေကို ကျော်လွှားနိုင်ဖို့အတွက်က ကိုယ်တိုင်ယုံကြည်မှုရှိဖို့လိုသလို အသိုင်းအဝန်းကလည်း LGBT တွေကို နေရာပေးလက်ခံဖို့လိုပါတယ်။
ဘယ်လိုပံ့ပိုးပေးကြမလဲ
"မိဘတွေအနေနဲ့ ကိုယ့်သားသမီးက LGBT ဆိုတာကိုသိတာနဲ့ မိတ်ကပ်သင်တန်းကို အတင်းပို့တာမျိုးမလုပ်ပါနဲ့၊ ကလေးရဲ့ဝါသနာကိုသိအောင် ကြိုးစားပေးစေချင်ပါတယ်။ ကိုယ့်သားသမီးရဲ့ဖြစ်တည်မှုကိုနားလည်လက်ခံပြီးတော့ 100% support ပေးစေချင်ပါတယ်။ LGBT တွေကလည်း ပရော်ဖက်ရှင်နယ်တွေပါ။ လုပ်ငန်းခွင်မှာအကောင်းဆုံးလုပ်နိုင်သူတွေပါ။"လို့ Drag Queen တစ်ဦးလည်းဖြစ်သလို Plus Size Model အနေနဲ့လည်း ရပ်တည်နေတဲ့ Hane Royal က LGBT တွေကို ပံ့ပိုးဖို့အတွက်တောင်းဆိုပါတယ်။
LGBTတိုင်း အလှအပကို ဝါသနာပါတာမျိုးမဟုတ်ပါဘူး။ သူတို့ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်ပညာရပ်တွေလူတိုင်းမှာ ရှိကြပါတယ်။ LGBTတွေအနေနဲ့လည်း ကိုယ်တိုင်ယုံကြည်မှုရှိဖို့လိုပြီး ငါ့ကို LGBT မို့လို့ အလုပ်မှခန့်ပါ့မလားဆိုတဲ့ စိတ်မျိုးမရှိဖို့လိုပါတယ် လို့လည်း Hane Royal က အားပေးစကားဆိုပါတယ်။
LGBT တွေနဲ့ အလုပ်အကိုင်ရှားပါးမှု
Photo: Hane Royal Facebook
လိင်စိတ်ခံယူချက်အပေါ်ကိုပဲ မြင်တတ်ပြီး အရည်အသွေးကို မြင်အောင်မကြည့်တတ်တဲ့ လူ့အဖွဲ့အစည်းအချို့မှာတော့ LGBT တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် ခက်ခက်ခဲခဲ ရပ်တည်ကြိုးစားနေရဆဲပါ။ ဒါပေမယ့်လည်း LGBT တွေကို လက်ခံကြိုဆိုတဲ့ အသိုင်းအဝန်းတွေလည်း ရှိနေပါပြီ။ လုပ်ငန်းရှင်တွေအနေနဲ့လည်း LGBT တွေကို အရည်အသွေးကြည့်ပြီး နေရာပေးသင့်ကြောင်းကို ကမ္ဘာကြီးက တိုက်တွန်းနေပါပြီ။
LGBT တွေအနေနဲ့လည်း ငါတို့က သူများတွေနဲ့တန်းတူလုပ်နိုင်တယ်။ တချို့နေရာတွေမှာ သူများတွေထက်ပိုလုပ်နိုင်တယ်ဆိုတဲ့စိတ်မျိုးနဲ့ကြိုးစားကြဖို့ Drag Queen တစ်ဦးလည်းဖြစ်သလို Plus Size Model အနေနဲ့လည်း ရပ်တည်နေတဲ့ Hane Royal က တိုက်တွန်းပြောကြပါတယ်။
LGBT တွေအတွက် Hane Royal ပြောလိုတဲ့ အားပေးစကားကတော့ "မင်းတို့က ကမ္ဘာပေါ်မှာ အတော်ဆုံးလူတွေပါ"
(ဖော်ပြပါ အချက်အလက်များသည် Duwun Community Voice အစီအစဉ်မှ Hane Royal (Drag Queen/ Plus Size Model ) ရဲ့ အကြံပြုဝေမျှပေးထားချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။)
Share