အပူချိန်မြင့်မားမှုကြောင့် သတိလစ်မူးလဲတဲ့ဖြစ်စဉ်တွေ ရန်ကုန်မြို့မှာ ဧပြီလအတွင်းကလည်း ဖြစ်ပွားမှုတွေရှိခဲ့ပါတယ်။
ဒီနေ့ ညနေ ၃နာရီဝန်းကျင်ခန့်က အင်းစိန်လမ်းမပေါ်ရှိ လှည်းတန်းဘတ်စ်ကားမှတ်တိုင်မှာ အမျိုးသမီး တစ်ဦး မူးလဲသွားလို့ လူမှုကူညီရေးအသင်းတစ်ခုက ကူညီပြီး ရန်ကုန်ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ပေးခဲ့တယ်လို့ ကမာရွတ်မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။ အမျိုးသမီးက အသက် ၅၀ခန့်ရှိပြီး မူးလဲနေချိန်မှာ ကိုယ်ပူချိန်ကတော့ ၁၀၀ကျော်နေပြီး အပူချိန်မြင့်နေတယ်လို့ လည်းသိရပါတယ်။
“အသက် ၅၀ခန့်အမျိုးသမီးတစ်ဦးမူးလဲတာပါ။အပူချိန်ကတော့ အတော်လေးမြင့်နေပေမယ့် ဒါက ရာသီဥတု ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ဒါပေမယ့်လည်း ကျွန်တော်တို့ဘက်ကတော့ လုံခြုံစိတ်ချရအောင် PPE ဝတ်စုံတွေ ဝတ်ဆင်ပြီးသူ့ကို ပရဟိတအဖွဲ့အကူအညီနဲ့ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်နိုင်ခဲ့ပါပြီ။”လို့ ဦးသိန်းဇော်ဦး ကပြောပါတယ်။
မူးလဲသွားတဲ့အမျိုးသမီးကြီးရဲ့နေရပ်လိပ်စာကိုတော့ သတိလစ်မေ့မြောနေတဲ့အတွက်မေးမြန်းချိန်မရနိုင်ခဲ့ဘူးလို့ လည်းသိရပါတယ်။ ရာသီဥတုအပူချိန်မြင့်တက်လာချိန်မှာ အပူရှိန်မြင့်မားမှုကြောင့် လမ်းမထက်မှာ မူးလဲခဲ့တဲ့ဖြစ်စဉ်တွေက ဧပြီလနဲ့မေလအတွင်းမှာ အဖြစ်များနေပါတယ်။ မြန်မာနိုင်ငံရဲ့ပြည်နယ်/တိုင်းဒေသတွေမှာ အပူချိန်မြင့်မားမှုဖြစ်စဉ်က မေလအတွင်းမှာ ဆက်လက်ရှိနေဦးမယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။