မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ အတည်ပြုလူနာတွေထဲက လူနာ အမှတ် ၁၁၁ ကတော့ ရောဂါပျောက်ကင်းပြီးမှ ပထမဆုံး သေဆုံးသူ ဖြစ်လာပါတယ်။
ကင်ဆာဝေဒနာခံစားခဲ့ရတဲ့ လှိုင်သာယာမြို့နယ်က အတည်ပြုလူနာ နံပါတ် ၁၁၁ ဟာ ဒီကနေ့ မနက်ပိုင်းကတော့ ကင်ဆာဝေဒနာနဲ့ပဲ ကွယ်လွန်သွားခဲ့တယ်လို့ လှိုင်သာယာမြို့နယ် ကျန်းမာရေးမှူး ဒေါ်ခင်ရူပါစိုးက Duwunကို အတည်ပြုပြောပါတယ်။ လူနာက ရောဂါပိုး Negative ၃ကြိမ်ပြခဲ့လို့ ရောဂါပျောက်ကင်းကြောင်း အသိအမှတ်ပြုခံရကာ ဆေးရုံက ပြီးခဲ့တဲ့ မေ၁၁ ရက်ကမှ ဆင်းခွင့်ရခဲ့သူလို့လည်း သိရပါတယ်။
“၁၁ရက်နေ့က ဆေးရုံဆင်းခွင့်ရပြီး ၁၈ရက်နေ့မှာ ကင်ဆာဆေးသွင်းဖို့ ရန်ကုန်ဆေးရုံကြီးကို ပြန်လည်တက် ရောက်ခဲ့တာပါ။သူက နဂိုကတည်းက ကင်ဆာဝေဒနာခံစားနေရသူဖြစ်တာကြောင့် ဒီနေ့ မနက်မှာပဲ သူ့ရဲ့ မူလ ရောဂါနဲ့ကွယ်လွန်သွားခဲ့တာပါ။”လို့ ဒေါ်ခင်ရူပါစိုးက ပြောပါတယ်။
လှိုင်သာယာမှာ အတည်ပြုလူနာ ၅ဦးရှိခဲ့ပြီး ၅ဦးစလုံး ရောဂါပြန်လည်သက်သာသွားခဲ့ပြီ ဖြစ်ပြီး လူနာနံပါတ် ၁၁၁ ကတော့ မူလ ကင်ဆာရောဂါကြောင့် ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အခြား ၄ဦးအနက် အတည်ပြုလူနာ ၂၆မှာလည်း ဆီးချို၊သွေးတိုး ရောဂါအခံရှိပေမယ့် ကျန်းမာရေးကောင်းမွန် တယ်လို့ ဒေါ်ခင်ရူပါစိုးက ပြောပါသေးတယ်။
“စုစုပေါင်း ၅ဦးမှာ ၁၁၁နဲ့ ၂၆မှာရောဂါအခံရှိပြီး ကျန်လူနာတွေမှာ ရောဂါအခံမရှိကြပါဘူး။၂၆ကလည်း အခု ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။”လို့ ဒေါ်ခင်ရူပါစိုးက ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ သေဆုံးသွားတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၆ဦးရှိပြီး ကိုဗစ်ရောဂါ မပျောက်ခင် မူလရောဂါအခံတွေကြောင့် ကွယ်လွန်ခဲ့တာဖြစ်ကာ လှိုင်သာယာက လူနာ အမှတ် ၁၁၁ တစ်ဦးတည်းသာ ကိုဗစ်ပျောက်ကင်းပြီးနောက် မူလရောဂါအခံနဲ့ကွယ်လွန်ခဲ့တာပါ။