COVID-19 ဖြစ်ပွားစဉ်ကာလအတွင်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် ဆန်အခမဲ့ ရယူနိုင်တဲ့ Rice ATM စက်ကို လှိုင်သာယာမှာ အသုံးပြုလျှက်ရှိပါတယ်။
တစ်ဦးကို ဆန် နို့ဆီဗူး (၆)လုံးကို အခမဲ့ ထုတ်ဝေပေးတာဖြစ်ပြီး မည်သူမဆို အခမဲ့လာရောက်ထုတ်ယူနိုင်တယ်လို့ သိရပါတယ်။
ဆန်ထုတ်ယူနိုင်ရန်အတွက် We Love Hlaing Tharyar Group ကနေ စာရင်းပေးသွားရမှာဖြစ်ပြီး page ကနေတစ်ဆင့် Rice ATMစက်ကနေ ဆန်ထုတ်ယူနိုင်မယ့် QRကုဒ်နံပတ်ကို ပြန်လည်ပေးပို့ပေးကာ အဆိုပါ ကုဒ်နံပတ်နဲ့ ဆန်ထုတ်ယူနိုင်မှာဖြစ်ပါတယ်။
“ ကျွန်တော်တို့ကအခုတော့ တစ်ဦးကို ဆန် နို့ဆီဗူး (၆)လုံးသတ်မှတ်ထားပါတယ်။နောက်ပိုင်းမှာ တစ်ပြည်၊ တစ်ပြည်ခွဲပေးဖို့ လုပ်ထားတယ်။ အခုတော့ အရေအတွက်လည်း နည်းတော့ လူဦးရေ မကန့်သတ်ထားဘူး၊ မည်သူမဆို လာရောက်ထုတ်ယူနိုင်ပါတယ်။ ဖုန်းမရှိတဲ့သူတွေ လူမှုကွန်ရက်မသုံးတက်တဲ့သူတွေကိုလည်း ရုံးမှာပဲ တာဝန်ရှိသူတွေ စာရင်းသွင်းတာတွေဘာတွေလုပ်ပြီး ထုတ်ပေးလျှက်ရှိပါတယ်။ အခုထိတော့ (၄)ရက်အတွင်းမှာ လူ (၅၀၀)ကျော်ကို ဆန်တွေ ထုတ်ဝေပေးနိုင်ခဲ့တယ်” လို့ We Love Hlaing Tharyar Group တာဝန်ခံ ကိုတင်ဇော်ဌေးက Duwun ကိုပြောပါတယ်။
မည်သူမဆို အခမဲ့လာရောက်ယူနိုင်တယ်ဆိုတာက ဆန်နို့ဆီဗူး (၆)လုံးတည်းဖြစ်လို့ အဆင်ပြေတဲ့သူ ၊ ချမ်းသာတဲ့သူတွေက တကူးတကန့် လာထုတ်မှာမဟုတ်ဘဲ တကယ်အခက်အခဲရှိတဲ့သူတွေသာ လာထုတ်မှာဖြစ်တယ်လို့ ကိုတင်ဇော်ဌေးကပြောပါတယ်။
Rice ATM စက်ကို တော့ မြန်မာနိုင်ငံလူငယ်အင်ဂျင်နီယာများက တီထွင်ထားတာဖြစ်ပြီး ဆန်တွေကိုတော့ We Love Yangon အဖွဲ့နဲ့ တခြားအလှူရှင်တွေက လှူဒါန်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ စက်တစ်လုံးတည်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး နေ့စဉ် မနက် (၉)နာရီကနေ ညနေ(၄)နာရီထိ လှိုင်သာယာ (၉)ရပ်ကွက်က လွှတ်တော်ကိုယ်စားလှယ်ရုံးမှာ ထုတ်ဝေပေးနေတယ်လို့ သိရပါတယ်။