လှိုင်သာယာမြို့နယ်မှာ မေလ ၁၃ ရက်နေ့မှာ Mask တပ်ဖို့ကို လိုက်လံနှိုးဆော်တဲ့ ကမ်ပိန်းပြုလုပ်ခဲ့ပြီးတဲ့နောက် စတင်အရေးယူတဲ့ မေလ ၁၄ ရက်နေ့ တစ်ရက်တည်းမှာတင် Mask မတပ်လို့ အရေးယူခံရသူ (၁၀၂)ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။
အရေးယူခံရတဲ့ သူ (၁၀၂)ဦးလုံးက နှာခေါင်းစည်းလုံးဝတပ်မလာတဲ့သူတွေဖြစ်ပြီး နှာခေါင်းစည်းပါပြီး နည်းစနစ်ကျမှန်ကန်အောင်မတပ်ဆင်ထားတဲ့သူတွေကိုတော့ အသိပညာပေးတာတွေပဲလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
“ မနေ့ကစပြီး Mask မတပ်တဲ့သူတွေကို အရေးယူခဲ့တယ်။ တစ်ရက်တည်းမှာပဲ အရေးယူခံရသူ (၁၀၂)ဦးရှိတယ်။ လုံးဝ Mask မတပ်လာတဲ့သူတွေပါ။ အရေးယူခံရသူ (၁၀၂)ဦးစလုံး ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ တရားရုံးကို တင်လိုက်တယ်။ တရားရုံးကနေ တစ်ယောက်ကို ဒဏ်ငွေ(၅၀၀၀) ရိုက်လိုက်တယ်” လို့ လှိုင်သာယာလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက Duwun ကိုပြောပါတယ်။
မေလ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ် ပင်လုံဈေးမှာ Mask များ ဝေငှပြီး လူအားလုံး Mask တပ်ဆင်ဖို့အတွက် Mask Campaign ပြုလုပ်နေကြစဉ်။ (ဓာတ်ပုံ - ဝင်းလွင်)
တိုင်းအစိုးရကနေ နှာခေါင်းစည်းမတပ်ရင် အရေးယူမှုအစီအစဉ်ကို မေလ (၁၃) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး လှိုင်သာယာမြို့နယ်မှာတော့ မေလ (၁၃)ရက်နေ့က နှာခေါင်းစည်းများအခမဲ့ဝေငှပေးတဲ့ mask ကမ်ပိန်းတစ်ခုကို အသိပညာပေးဆော်သြော်ရင်းလုပ်ဆောင်ခဲ့ကာ မေလ(၁၄)ရက်နေ့မှာတော့ အရေးယူမှုတွေစတင်ဆောင်ရွက်ခဲ့တာပါ။
မေလ(၁၃)ရက်နေ့ကစပြီး မြို့နယ်အဆင့် COVID ထိန်းချုပ်ရေးကော်မတီရဲ့ ထုတ်ပြန်ချက်အရ နေအိမ်ကနေအပြင်ထွက်ရင် နှာခေါင်းစည်းကို မဖြစ်မနေတပ်ဆင်ရမှာဖြစ်ပြီး မတပ်ဆင်တဲ့သူတွေကိုတော့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ ဒဏ်ငွေ (၅၀၀၀) ကျသင့်စေမှာဖြစ်ပါတယ်။ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ မေလ ၁၃ရက်နေ့မှာတော့ ပုဇွန်တောင်မြို့နယ်မှာ Mask မတပ်ဘဲ အပြင်သွားသူ ၁၂ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။
လှိုင်သာယာမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ရက်တွေက Mask တပ်ဆင်ခြင်းနဲ့ ပတ်သက်ပြီး ပြည်သူတွေကို အသိပညာပေးတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီးဖြစ်လို့ မေလ(၁၄)ရက်နေ့ကစပြီး နောက်ပိုင်းအရေးယူမှုတွေလုပ်ဆောင်တော့မှာပါလို့ ဦးမြတ်မင်းသူကပြောပါတယ်။ လှိုင်သာယာမြို့နယ်ကတော့ Semi Lock Down လုပ်ထားတဲ့ ၁၀မြို့နယ်မှာပါဝင်ခဲ့ပေမယ့် ပိုးတွေ့လူနာထပ်မံရှာဖွေတွေ့ရှိခြင်းမရှိတော့တဲ့အတွက် Semi Lock Down ဖြေလျော့လိုက်တဲ့ မြို့နယ်တွေထဲမှာ ပြန်လည်ပါဝင်ခဲ့ပါတယ်။