သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ သူ့ရဲ့ ရည်မှန်းချက် တစ်ခုကို အကောင်အထည် ဖော်ခဲ့လိုက်ပါပြီ။
ငယ်ငယ်လေးကတည်းက နှာခေါင်းပြင်ချင်ခဲ့တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ သူမရဲ့ ရည်မှန်းချက်က တစ်ခုကို အကောင်အထည် ဖော်လိုက်နိုင်ပါပြီ။ သူမနှာခေါင်း ပြင်လိုက်တဲ့ ကိစ္စကိုလည်း ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပြီး လှချင်လို့ အခုလို နှာခေါင်းကို ခွဲစိတ်ပြုပြင်မှု လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
“မိန်းကလေး တော်တော်များများက ကိုယ့်ကိုကိုယ် တစ်ရာ ရာခိုင်နှုန်းလှတယ်လို့ မထင်ကြဘူး။ အမြဲတမ်း လိုအပ်နေတယ်လို့ပဲ ထင်ကြတာပေ့ါ ကိုယ်လည်း အဲ့ထဲမှာပါပါတယ်။ အရင်က ကိုယ့်ကိုကိုယ် ကြည့်ရတာ မလှဘူးလို့ ခံစားရတယ်။ ငယ်ငယ်ကတည်းက နှာခေါင်းပြင်ချင်ခဲ့တာပါ။ တချို့ ပရိသတ်တွေကလည်း နှာခေါင်း ပြင်စေချင်တာလေးတွေ ရှိကြတယ်။ ကိုယ်ကလည်း ပြင်ချင်နေတာဆိုတော့ ပြင်လိုက်တာပါ။ အရမ်းကြီး ထူးခြားသွားအောင် လုပ်လိုက်တာမျိုးလည်း မဟုတ်ပါဘူး။ ကြည့်ကောင်းမယ့် ပုံစံမျိုးလေး ဖြစ်အောင် ပြင်လိုက်တာပါ၊ ကိုယ့်ရဲ့ ရုပ်မပျောက်အောင်လည်း လုပ်ရတာပေ့ါ” လို့ သူမက ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
photo : ပိုးကြာဖြူခင် FB
သူမ ခွဲစိတ်ပြုပြင်ထားချိန်မှာလည်း သူမရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့် ပရိသတ်တွေကို မကွယ်မဝှက်ဘဲ ပြောပြခဲ့တာ ဖြစ်ပါတယ်။
ပိုးကြာဖြူခင်ကတော့ လက်ရှိမှာ ဇာတ်လမ်းတွဲလေးတွေ ရိုက်ဖြစ်နေပြီး မကြာခင် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား ရိုက်ဖို့ ရှိကြောင်းကိုလည်း ပရိသတ်တွေကို Duwun ကနေ တစ်ဆင့် အသိပေးခဲ့ပါသေးတယ်။
“ပုပ္ပါးမှာ ရုပ်ရှင်တစ်ကား ရိုက်ဖို့ရှိပါတယ်။ကိုထွန်းထွန်း၊ကိုလွှမ်းပိုင်ရယ်၊ရှင်မွေလရယ်ပေ့ါ၊ ခေါင်းဆောင်သရုပ်ဆောင် အနေနဲ့ ရိုက်ရမှာပါ။ ကာရိုက်တာ ပုံစံလေးကတော့ကျောင်းဆရာမ ကာရိုက်တာပါ။ ကိုယ်အရမ်းကြိုက်တဲ့အဆိုတော်တွေနဲ့ အတူ သရုပ်ဆောင်ရမှာဖြစ်လို့ အရမ်းပျော်ပါတယ်။ သူတို့ရဲ့ Fan ဆိုတော့လေအခုလို တွဲပြီး သရုပ်ဆောင်ရမှာဆိုတော့ ရင်လည်း ရင်ခုန်တယ်။ဇာတ်လမ်းလေးကလည်း အပျော်ပုံစံလေး ဆိုတော့ ပရိသတ်တွေလည်း ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။
သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ရရှိထားသူ တစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကမှ ပြသခဲ့တဲ့ "ကွက်လပ်မရှိ" ဇာတ်လမ်းတွဲမှာလည်း "မိုးမိုးအေး"ဆိုတဲ့ ကာရိုက်တာနဲ့ ထိထိမိမိသရုပ်ဆောင် နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိထားသူ ဖြစ်ပါတယ်။ ထိုဇာတ်လမ်းတွဲထဲမှာ ကလေးအမေ ကာရိုက်တာကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ဖို့ ခန္ဓာကိုယ် ဝအောင် ၁၁၇ပေါင်ကနေ ၁၄၀ကျော် အထိ ဝိတ်တင်ခဲ့ရတာလည်း ဖြစ်ပါတယ်။ အခုတော့ သူမကြိုးစားမှု အောင်မြင်ခဲ့ပြီလို့ ပြောရမှာပါ။ ယင်းဇာတ်လမ်းတွဲဟာလည်း တစ်ချိန်က သူကို လူသိစေခဲ့တဲ့ "ဆိုင်းမိုင်"ဆိုတဲ့ ဇာတ်ကောင်လိုပဲ "မိုးမိုးအေး" ဇာတ်ကောင်ဟာလည်း ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားလိုက်ပြီ ဖြစ်ပါတယ်။
သရုပ်ဆောင် ပိုးကြာဖြူခင်က တော့ MRTV-4 ဇာတ်လမ်းတွဲ ဖြစ်တဲ့ "မိုးကောင်းကင်အိပ်မက်"ဆိုတဲ့ဇာတ်လမ်းတွဲထဲက ဆိုင်းမိုင်ဆိုတဲ့ ဇာတ်ကောင်နဲ့ အကြီးအကျယ်အောင်မြင်မှူရရှိခဲ့သူတစ်ဦးပါ။ သူမကတော့ ဇာတ်လမ်းတွဲ မင်းသမီးတစ်ဦးအဖြစ် ရပ်တည် ခဲ့တာ အခုဆိုရင် ၄နှစ် ကျော်သက်တမ်းတောင်ရှိနေပြီပဲဖြစ်ပါတယ်။