ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး အနိုင်ရဖို့အတွက် နီးစပ်နေချိန်မှာမှ ချေပဂိုးပေးခဲ့ရလို့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးမားကပ်စ်ရက်ရှ်ဖို့ဒ်ဟာ အိမ်ကွင်းမှာ လီဗာပူးလ်ကို အနိုင်မယူနိုင်ခဲ့တဲ့အပေါ်မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့တယ်လို့ Four Four Two က ဖော်ပြသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး အနိုင်ရဖို့အတွက် နီးစပ်နေချိန်မှာမှ ချေပဂိုးပေးခဲ့ရလို့ သရေနဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ယူရိုခြေစစ်ပွဲမှာလည်း အင်္ဂလန်အတွက် သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ကလပ်အသင်းမှာပါ ဂိုးဆက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အိမ်ကွင်းမှာ အမှတ်ပေးဇယားကိုဦးဆောင်နေတဲ့ လီဗာပူးလ်ကို အာရုံစိုက်ကစားသွားခဲ့ပြီး အနိုင်ရဖို့အားထုတ်ခဲ့ပေမယ့် လယ်လာနာက လီဗာပူးလ်အတွက် ချေပဂိုးကို ၈၅ မိနစ်မှာ သွင်းယူသွားခဲ့ပါတယ်။
"ကျွန်တော့်ရဲ့ ခံစားချက်ကတော့ စိတ်ပျက်မိတာပါပဲ၊ ကျွန်တော်တို့ အနိုင်သုံးမှတ်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်၊ ဒီပွဲမှာ စွမ်းဆောင်ရည်ကောင်းတယ်လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်၊ ဒါပေမယ့် သူတို့အတွက်ကတော့ သရေ ဒါမှမဟုတ် အနိုင်ရဖို့အတွက် မထိုက်တန်ခဲ့ပါဘူး၊ ကျွန်တော်တို့ ရမှတ်နှစ်မှတ်ဆုံးရှုံးခဲ့ရပါတယ်"
"ဒါက တကယ့်အခွင့်အရေးကောင်းကြီးပါ၊ ပွဲကြီးတစ်ပွဲလည်းဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဒီအနေအထားကို ဆက်ပြီးထိန်းသိမ်းထားရပါမယ်၊ ကြားရက်မှာနိုင်ပွဲရဖို့ ကျွန်တော်တို့ ကြိုးစားသွားရမှာဖြစ်ပြီး ကောင်းကောင်းကစားနိုင်မယ်လို့လည်း ကျွန်တော်မျှော်လင့်ပါတယ်" လို့ ရက်ရှ်ဖို့ဒ်က ပွဲအပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။