Photo - FDA
အဲ့ဒီ ရေသန့်လုပ်ငန်းကို တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့တာဖြစ်ပြီး အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိတဲ့ လုပ်ငန်းဖြစ်တာကိုတွေ့ရတယ်လို့ မတ်လ ၁၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
လှိုင်မြို့နယ်မှ အေးမြကြည် သောက်ရေသန့်လုပ်ငန်းကို ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီရေသန့်လုပ်ငန်းမှာ စက်ရုံဖွဲ့စည်းပုံ (Layout) မရှိတာ၊ စက်ရုံထုတ်လုပ်မှုအလိုက် အခန်းမရှိတာ၊ စက်ကိရိယာများ ကောင်းမွန်စွာ အလုပ်မလုပ်တာနဲ့ ထိန်းသိမ်းမှုမရှိတာတွေတွေ့ရတယ်လို့ ဆိုပါတယ်။
Photo - FDA
ဒါ့အပြင် စက်ရုံအတွင်း သန့်ရှင်းမှုမရှိတာတွေကြောင့် ကောင်းမွန်တဲ့ ထုတ်လုပ်မှုကျင့်စဉ် (GMP) နဲ့ ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရလို့ စက်ရုံကို ပိတ်သိမ်းခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ရေသန့်လုပ်ငန်းကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း မပြုဖို့ ခံဝန်ကတိရေးထိုးစေခဲ့ပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက အမျိုးသား အစားအသောက်ဥပဒေအရ အရေးယူသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။