လှိုင်မြို့နယ်မှာ လေလွင့်ခွေးအကောင်ရေ ၅၀၀ ကိုမျိုးပွားမှုနှုန်းထိန်းချုပ်ရန် ခွေးထီးတွေကို သင်းကွပ်ခြင်း၊ ခွေးမတွေကိုသားကြောဖြတ်ခြင်းနဲ့ ခွေးရူးရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
(မေလ ၈ ရက်နေ့က လှိုင်မြို့နယ် ပညာရေးမှူးရုံးမှာ လေလွင့်ခွေးမျိုးပွားမှုထိန်းချုပ်ရေးစီမံချက် လုပ်ဆောင်နေစဉ်)
မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်းနှင့် ထိုင်းနိုင်ငံ Mission Rabies,WVS အဖွဲ့ တို့ ပူးပေါင်းကာ ရှေ့ပြေးစီမံချက် အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး မေလ ၁၀ ရက်ကနေ ၁၈ ရက်အတွင်း ဆောင်ရွက်နေတာဖြစ်ပါတယ်။
“ ခွေးရူးရောဂါ ပပျောက်ရေးအဓိက စီမံချက်က တိရစ္ဆာန်မျိုးပွားမှုနှုန်းကို အဓိက ထိန်းချုပ်ရတာပါ။ ဒီစီမံကိန်းအောင်မြင်ရင် ထိုင်းနိုင်ငံ WVS အဖွဲ့ တို့ပူးပေါင်းပြီး နှစ်အလိုက် စီမံချက်တွေ ဆက်လုပ်မှာပါ။ ၃ နှစ်ဆက်တိုက်သာ ရန်ကုန်မှာရှိတဲ့ လေလွင့်ခွေး ၁ သိန်းခွဲကို ထိုးပေးနိုင်မယ်ဆိုရင် ခွေးရူးရောဂါ ပပျောက်သွားမယ်” လို့ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း ဒုတိယဥက္ကဌ ဒေါက်တာ စိုးမင်းက Duwun ကိုပြောပါတယ်။
(မေလ ၈ ရက်နေ့က လှိုင်မြို့နယ် ပညာရေးမှူးရုံးမှာ လေလွင့်ခွေးမျိုးပွားမှုထိန်းချုပ်ရေးစီမံချက် လုပ်ဆောင်နေစဉ်)
မျိုးပွားမှုနှုန်းထိန်းချုပ်ကုသရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက တိရစ္ဆာန်ဆေးကုဆရာဝန်တွေကို သင်တန်းတွေ ပို့ချထားပြီး နောက်ပိုင်းမှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ ပူးပေါင်းပြီး အမျိုးသားအဆင့် စီမံကိန်းတွေ လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
“ကျွန်မတို့ အရင်ကလုပ်တာက ခွေးထီးတွေကိုပဲ သင်းကွပ်ခြင်းလုပ်ငန်းတွေကိုပဲ ဆောင်ရွက်နိုင်ခဲ့တယ်။ ခွေးမတွေက တစ်နှစ်ကို နှစ်သားကျနိုင်တယ်။ တစ်သားကျရင် ၇ ကောင်၊ ၈ ကောင်လောက်မွေးနိုင်တယ်။ အခုဒီစီမံကိန်းက ခွေးမလေးတွေကိုပါ မျိုးပွားမှုနှုန်းထိန်းချုပ်နိုင်တော့ နောက်ထပ် လေလွင့်ခွေးတိုးလာမယ့် အရေအတွက်ကို ထိန်းချုပ်ပြီးသားဖြစ်သွားတာပေါ့” လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်ထောက်ဌာနမှူး ဒေါက်တာ လှမေဦးက ဆိုပါတယ်။
အဆိုပါ ခွေးတွေကို မျိုးပွားမှုထိန်းချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပြီးရင်တော့ သူတို့ကျင်လည်ကျက်စားရာနေရာမှာပဲ ပြန်လည်ပို့ဆောင်ပေးသွားမှာပါ။ မြန်မာနိုင်ငံမှာ လေလွင့်ခွေးပေါင်း ၄ သန်းနီးပါးရှိပြီး ရန်ကုန်မြို့မှာတော့ ၁ သိန်းခွဲ ခန့်ရှိတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့နှစ်က တစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှုပေါင်း တစ်သိန်းကိုးသောင်းကျော်ရှိခဲ့တယ်လို့လည်း သိရပါတယ်။