ယူနိုက်တက်ပရိသတ်တွေဟာ ယူရိုပါလိဂ် ပလေးအော့ဖ်ပွဲစဥ်မှာ ဘာစီလိုနာနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့အပြင် အဆိုပါပွဲအတွက် အသင်းရဲ့ အဓိကနောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ် ပွဲပယ်ခံထားရတာကြောင့် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ ယူရိုပါလိဂ်ပလေးအော့ဖ်ပွဲစဥ် မဲခွဲပွဲတွေကို မနေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီမဲခွဲပွဲမှာ ဘာစီလိုနာနဲ့ ယူနိုက်တက်တို့ ထိပ်တိုက်တွေ့နေပြီး အုပ်စုတွင်းမှာ ဒုတိယသာရရှိခဲ့တဲ့ ယူနိုက်တက်အတွက် ပွဲကျပ်တပွဲကို ရင်ဆိုင်ရတော့မှာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖေဖော်ဝါရီလ (၁၆) ရက်နေ့မှာ ဘာစီလိုနာ အိမ်ကွင်း၊ နူးကမ့်ကို သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ တပတ်အကြာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ကစားရမှာပါ။

ဒါ့အပြင် ဘာစီလိုနာ အိမ်ကွင်းမှာ ကစားမယ့် ပထမအကျော့ပွဲအတွက် အသင်းရဲ့ အဓိကနောက်ခံလူ မာတီနက်ဇ် ပွဲပယ်ခံထားရတဲ့အပေါ် ယူနိုက်တက်ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။ မာတီနက်ဇ်ဟာ အုပ်စုနောက်ဆုံးပွဲအဖြစ် ဆိုစီဒက်ကို ၀-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ပြသခံခဲ့ရတဲ့ အဝါကတ်ကြောင့် တပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
လက်ရှိအနေအထားအရလည်း ဗာရန်းက ဒဏ်ရာရရှိနေပေမယ့် ကမ္ဘာ့ဖလားမတိုင်ခင်မှာတင် ပြန်လည်သက်သာလာဖို့ရှိနေပါတယ်။ ဒါပေမယ့် ယူနိုက်တက် ပရိသတ်တွေရဲ့ အဓိကစိုးရိမ်မှုက မာတီနက်ဇ် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရမှု၊ လင်ဒီလော့ဖ် ဒါမှမဟုတ် မက်ဂွိုင်းရား ပါဝင်လာနိုင်မှုပဲဖြစ်ပါတယ်။ လက်ရှိ ယူနိုက်တက်အတွက် အဓိကဗဟိုနောက်ခံလူအတွဲက ဗာရန်းနဲ့ မာတီနက်ဇ်တို့ဖြစ်ပါတယ်။
ဒီလိုအနေအထားမျိုးမှာ မာတီနက်ဇ် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံထားရတာက လက်ရှိ ပြိုင်ပွဲစုံမှာ (၁၈) ဂိုးအထိ သွင်းယူထားပြီး ခြေစွမ်းပြနေတဲ့ လီဝန်ဒေါစကီးအတွက် ရင်ဆိုင်ရမယ့် အနေအထားအတွက် စိုးရိမ်စရာကောင်းနေပါတယ်။ ဘာစီလိုနာဟာ ဒီရာသီမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရကာ ယူရိုပါလိဂ်ကို ရောက်ရှိလာခဲ့တဲ့အသင်းတသင်းလည်းဖြစ်ပါတယ်။