လက်ရှိမှာ ယူရို၂၀၂၀ ပြိုင်ပွဲကြီးကို တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ပြီဖြစ်တာကြောင့် ကလပ်အသင်းတွေအတွက် ရာသီပြီးဆုံးအောင် ကစားဖို့ အချိန်အလုံအလောက်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ အကြီးအကဲတွေဟာ လက်ကျန်ဘောလုံးရာသီကို ပြီးဆုံးအောင်ကစားသွားဖို့အတွက် ဆွေးနွေးတိုင်ပင်နေတယ်လို့ သိရပါတယ်။ လက်ကျန်ပွဲပေါင်း ၉၂ ပွဲအထိ ရှိနေသးပြီး အဆိုပါပွဲအားလုံးကို ကွင်းပိတ်ကျင်းပသွားဖို့ တိုင်ပင်နေကြကာ ရုပ်သံကတိုက်ရိုက်ထုတ်လွှင့်ပြသသွားဖို့လည်း ပါဝင်တယ်လို့ The Sun က ဖော်ပြသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွေကို ကလပ်အသင်းတွေရဲ့ အိမ်ကွင်းတွေမှာ ယှဉ်ပြိုင်စေမှာမဟုတ်ပဲ အခြားသောကြားကွင်းတွေမှာ မတူညီတဲ့အချိန်တွေနဲ့ ကစားစေဖို့လည်းရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာ ယူရို၂၀၂၀ ပြိုင်ပွဲကြီးကို တစ်နှစ်တိတိရွှေ့ဆိုင်းလိုက်ပြီဖြစ်တာကြောင့် ကလပ်အသင်းတွေအတွက် ရာသီပြီးဆုံးအောင် ကစားဖို့ အချိန်အလုံအလောက်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်။
ကလပ်အသင်းတွေက သူတို့ရဲ့ အဆိုပြုချက်ကို အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ပရီးမီးယားလိဂ်အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ သိရပါတယ်။ တစ်ရက်ကို တစ်ပွဲထက်ပိုကစားနိုင်တဲ့ ကွင်းတွေလည်းရှိနေပြီး အသင်းတစ်သင်းအနေနဲ့ ၃ရက်တစ်ပွဲနှုန်းနဲ့ ကစားသွားဖို့ပါ ရှိနေတာလည်းဖြစ်လို့ ဖြစ်နိုင်ချေရှိတဲ့ အဆိုပြုချက်လည်းဖြစ်ပါတယ်။
ဆေးကုသရေးအဖွဲ့ နဲ့ ရဲတပ်ဖွဲ့အင်အားကို အနည်းဆုံးအထိ လျှော့ချနိုင်မယ့် ကန့်သတ်ထားတဲ့ အားကစားကွင်းတွေကိုသာ အသုံးပြုခြင်းဖြင့်လည်း ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ဟန့်တားလျှော့ချနိုင်မယ်လို့ ကလပ်အသင်းတာဝန်ရှိသူတွေက ယုံကြည်နေပါတယ်။ တကယ်လို့သာ ဒီအဆိုပြုချက်ကို အတည်ပြုခွင့်ပြုချက်ရရှိမယ်ဆိုပါက ပရိသတ်တွေအနေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြန်လည်ကြည့်ရှုခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။