လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ရာသီက ဥရောပချန်ပီယံဖြစ်ခဲ့တာထက် အသင်းရဲ့အစဉ်အဆက် အောင်မြင်ခဲ့တဲ့စံချိန်ကို ပြန်လည်ရယူနိုင်တဲ့ အမှတ်သင်္ကေတရှိတော့မှာမဟုတ်ပေမယ့် နည်းပြကလော့ပ်က ယခုနှစ် ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ အသင်းရဲ့ကစားသမားတွေ ပြန်လည်ပါဝင်လာတာဟာ အသင်းရဲ့ပုံစံ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိလာတာကို ပြသနေတယ်ဆိုတာ သိရှိနေပါတယ်။
လီဗာပူးအသင်းကစားသမား ၇ ဦးဟာ ဥရောပဘောလုံးလောကမှာ ဂုဏ်သိက္ခာအကြီးမားဆုံးတစ်ဦးချင်းဆုတံဆိပ်ဖြစ်တဲ့ ဘလွန်းဒီအော်ဆုအတွက် တိုက်ပွဲဝင်သွားကြရမှာဖြစ်ပြီး ဗန်ဒိုက်ဟာ ဆယ်စုနှစ်တစ်ခုကြာ ဘလွန်းဒီအော်ဆုကို တလှည့်စီ ရယူခဲ့တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။
ဘလွန်းဒီအော်ဆုကို ၂၀၀၈ ခုနှစ်ကတည်းက ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းကစားသမားတွေကို ကျော်ပြီး ဘယ်အသင်းကစားသမားကမှ မရရှိတော့တာဖြစ်ပြီး ဗန်ဒိုက်သာ ဘလွန်းဒီအော်ဆုကို ရရှိခဲ့မယ်ဆိုရင် ကနာဗားရိုးနောက်ပိုင်း ဆုရရှိတဲ့ ပထမဆုံးဗဟိုခံစစ်ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။
လီဗာပူးအသင်း ချန်ပီယံလိဂ်ရရှိခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက စတီဗင်ဂျရတ်၊ ဂျေမီကာရေဂါနဲ့ လူးဝစ္စဂါစီယာတို့ ၃ ဦးသာ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းမှာ ထည့်သွင်းခံခဲ့ရတာဖြစ်ပြီး ယခုနှစ်မှာတော့ ကစားသမား ၇ ဦးအထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ဟာ အသင်းရဲ့ကစားသမားတွေအားလုံးက ဆန်ခါတင်စာရင်းမှာ ပါဝင်သင့်တယ်လို့ ယုံကြည်နေပြီး ဆန်ခါတင်စာရင်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ဟာသဖောက် ပြောကြားသွားခဲ့ကြောင်း The Telegraph ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
“ကျွန်တော်တို့ ကစားသမား ၇ ဦး ဆန်ခါတင်စာရင်းထဲမှာ ပါတယ်လို့ ကျွန်တော် ကြားခဲ့တယ်။ ကျွန်တော့်ရဲ့ ပထမဆုံးမေးခွန်းက ဘယ်ကောင်တွေ မပါဘဲ ကျန်ခဲ့တာလဲဆိုတာပါ”
“အဲဒါ အရမ်းကောင်းမွန်ပါတယ်။ ဒီလိုကိစ္စမျိုးတွေကို ကျွန်တော် ၁၀၀ ရာခိုင်နှုန်းမသိဘူးဆိုတာကို ရိုးရိုးသားသား ဝန်ခံပါတယ်။ ပြီးတော့ ကစားသမားတွေအတွက် ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာကိုပေါ့။ ခင်ဗျား အဲဒီဆုကို ရရှိခဲ့မယ်ဆိုရင် ကြီးမားတဲ့ရရှိမှုဖြစ်ပြီး မရဘူးဆိုရင်တော့ အများကြီး နာကျင်ရမှာမဟုတ်ဘူးဆိုတာကိုတော့ သိပါတယ်။ အဲဒါက အရမ်းကောင်းတဲ့လက္ခဏာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီပြီးနောက်မှာ ကျွန်တော်တို့ ကစားခဲ့တဲ့ပုံစံက သာမန်ပါပဲ။ တကယ်လို့ အဲဒီရွေးချယ်မှုမှာ ဘောလုံးအထူးကျွမ်းကျင်သူတွေပါမယ်ဆိုရင်တော့ ကစားသမားအများကြီး ဆန်ခါတင်စာရင်းမှာ ပါမှာပါ”
“ဟုတ်ပါတယ်။ အဲဒါက အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမား ၇ ဦးစလုံးက ပါဝင်ဖို့ ထိုက်တန်သူတွေပါ။ ယေဘုယျအားဖြင့် ကောင်လေးတွေနဲ့ပတ်သက်ပြီး ၁၀၀ ရာခိုင်နှုန်း ဂုဏ်ယူမိပါတယ်။ သူတို့တွေ ဆုတွေရတဲ့အခါမှာ ကျွန်တော် ပျော်ပါတယ်။ ဒါက ကျွန်တော်တို့ ကစားနေတဲ့ ဘောလုံးကြောင့် ဖြစ်နေတဲ့ အခြေအနေပါပဲ”လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။