ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ လေဆိပ်နဲ့ ဘူတာရုံမှာ ဖောက်ခွဲရေးပစ္စည်းပါဝင်တဲ့ အထုပ်သုံးထုပ် တွေ့ရှိခဲ့ရမှုကို အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။
(Photo: Daily Mail)
လန်ဒန်မြို့ရှိ ဟီးသရိုးလေဆိပ်၊ လန်ဒန်စီးတီးလေဆိပ်နဲ့ ဝါးတားလိုဘူတာရုံတို့မှာ အသေးစား ဖောက်ခွဲရေးပစ္စည်းတွေထည့်ထားတဲ့ A4 စာအိတ်သုံးအိတ်ကို တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဟီးသရိုးလေဆိပ်နဲ့ ဝါးတားလိုဘူတာရုံမှာ တွေ့ရှိရတဲ့ စာအိတ်တွေမှာ အိုင်ယာလန်နိုင်ငံမှ စာပို့တံဆိပ်ခေါင်းများ ကပ်ထားခဲ့တာဖြစ်ပြီး အိုင်ယာလန်ရဲတပ်ဖွဲ့က လန်ဒန်ရဲတပ်ဖွဲ့ကို သတင်းအချက်အလက် ကူညီပေးနေတယ်လို့ ဆိုပါတယ်။
ဟီးသရိုးလေဆိပ်မှာ ဒေသစံတော်ချိန် မနက် ၉ နာရီ ၅၅ မိနစ်ခန့်က ဖောက်ခွဲရေးပစ္စည်းပါ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီးနောက် ရွှေ့ပြောင်းမှုတွေပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အထုပ်ကို ဝန်ထမ်းတစ်ဦးက ဖွင့်လိုက်ချိန်မှာ မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
(Photo: Daily Mail)
ယခုတွေ့ရှိခဲ့တဲ့ အထုပ်အားလုံးဟာ A4 အရွယ် အဖြူရောင် စာအိတ်များဖြစ်ပြီး စာအိတ်များအတွင်း အဝါရောင် စက္ကူအိတ်များထဲမှာ အသေးစား ဖောက်ခွဲရေးပစ္စည်းတွေ ထည့်ထားခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသေးစား ဖောက်ခွဲရေးပစ္စည်းများ တွေ့ရှိရမှုကြောင့် လေကြောင်းခရီးစဉ် နှောင့်နှေးမှုတွေ မဖြစ်ပေါ်ခဲ့ဘူးလို့ Reuters သတင်းက ဖော်ပြပါတယ်။
လန်ဒန်စီးတီးလေဆိပ်နဲ့ လန်ဒန်မြို့လယ်ကို ပြေးဆွဲနေတဲ့ ရထားခရီးစဉ်ကိုတော့ ခေတ္တဆိုင်းငံ့ထားခဲ့ပါတယ်။ ဖောက်ခွဲရေးပစ္စည်းပါတဲ့ အထုပ်တစ်ထုပ်ကို ဟီးသရိုးလေဆိပ်မှာ ပထမဆုံး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ထို့နောက် ဝါးတားလိုဘူတာရုံနဲ့ လန်ဒန်စီးတီးလေဆိပ်တို့မှာလည်း နောက်ထပ် အထုပ်တွေကို တွေ့ခဲ့ရတာဖြစ်ပါတယ်။
(Photo: Rob Pinney/LNP)
ဗြိတိန်နိုင်ငံဟာ အကြမ်းဖက်မှု သတိပေးချက်ကို ဒုတိယအမြင့်ဆုံးအဖြစ် ထုတ်ပြန်ထားပြီး လုံခြုံရေးအဖွဲ့အစည်းတွေက အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်ခြေမြင့်ကြောင်း သတ်မှတ်စောင့်ကြည့်နေပါတယ်။ ၂၀၁၇ ခုနှစ်က လန်ဒန်မြို့နဲ့ မန်ချက်စတာမြို့တို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ငါးခုဖြစ်ပွားခဲ့ပြီး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့ဖူးပါတယ်။