အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေစီကျွန်းမှာ ငလျင်ကြီးလှုပ်မှုနဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်ခဲ့ပြီးနောက် အကျဉ်းထောင်သုံးခုမှ အကျဉ်းသား ၁,၂၀၀ အထိ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အစိုးရက ယနေ့ (အောက်တိုဘာ ၁ ရက်) အတည်ပြုခဲ့ပါတယ်။

Photo: Kristianto Purnomo IG
ဆူလာဝေစီကျွန်းရှိ ပါလူမြို့မှာ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်မှုနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းများ ရိုက်ခတ်ခဲ့ပြီးနောက် ထောင်ဖောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ပါလူမြို့ရှိ အကျဉ်းသားဦးရေ အဆမတန် ပြည့်နှက်နေတဲ့ အကျဉ်းထောင်နှစ်ခုနဲ့ အနီးအနားရှိ ဒေါင်ဂါလာမြို့ရှိ နောက်ထပ် အကျဉ်းထောင်တစ်ခုကနေ အကျဉ်းသားများ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ တရားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Sri Puguh Utami က ပြောပါတယ်။
Photo: Kristianto Purnomo IG
ဒေါင်ဂါလာမြို့ဟာလည်း ငလျင်နဲ့ဆူနာမီဒဏ် ခံခဲ့ရတဲ့ မြို့ငယ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။ အဆိုပါမြို့ရှိ အကျဉ်းထောင်ကို မီးရှို့ခဲ့ကြပြီးနောက် အကျဉ်းသား ၃၄၃ ဦးလုံး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။ "သူတို့က ငလျင်ကြီးလှုပ်တော့ ကြောက်လန့်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့ကြတာ သေချာပါတယ်၊ ဒီ အခြေအနေက အကျဉ်းသားတွေအတွက် သေခြင်းနဲ့ရှင်ခြင်း ကိစ္စတစ်ရပ်ပါပဲ" လို့ Sri Puguh Utami က ဆိုပါတယ်။
Photo: NewsWeek
ဒေါင်ဂါလာမြို့ရှိ အကျဉ်းထောင်မှ အကျဉ်းသားတွေက ငလျင်နဲ့ဆူနာမီရေလှိုင်းဒဏ် ခံခဲ့ရတဲ့ဒေသရှိ မိသားစုတွေကို သွားရောက်ကြည့်ရှုလိုကြောင်း တောင်းဆိုမှုကို အကျဉ်းထောင်စောင့်တွေက ခွင့်မပြုခဲ့ပြီးနောက် အဆိုပါထောင်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း Jakarta Post သတင်းက ဖော်ပြပါတယ်။ အကျဉ်းသားအများစုဟာ အဂတိလိုက်စားမှုနဲ့ မူးယစ်ဆေးဝါးမှုတို့ဖြင့် ထောင်ဒဏ်ကျခံနေရသူများ ဖြစ်တယ်လို့လည်း Sri Puguh Utami က ပြောပါတယ်။ အကြမ်းဖက်မှုနဲ့ဆက်နွယ်တဲ့ ပြစ်မှုကျူးလွန်သူ ငါးဦးကိုတော့ ငလျင်နဲ့ဆူနာမီ မဖြစ်မီ ရက်ပိုင်းအလိုမှာ အဆိုပါ အကျဉ်းထောင်ကနေ ရွှေ့ပြောင်းခဲ့တယ်လို့ ဆိုပါတယ်။
Photo: Bloomberg
စက်တင်ဘာ ၂၈ ရက်နေ့က ရစ်(ခ်)တာစကေး ၇.၅ အဆင့်ရှိ အင်အားပြင်းထန်တဲ့ ငလျင်ကြီးလှုပ်ခတ်မှုနဲ့ ဆူနာမီရေလှိုင်းများ တက်ရောက်မှုတို့ကြောင့် ပါလူမြို့နဲ့ ဒေါင်ဂါလာမြို့မှာ သေဆုံးသူ ၈၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်ကြောင်း အာဏာပိုင်တွေက ခန့်မှန်ထားပါတယ်။ ရောဂါဘယဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ငလျင်နဲ့ဆူနာမီကြောင့် သေဆုံးခဲ့ကြသူတွေရဲ့ အလောင်းတွေကို အစုအပြုံလိုက်မြှုပ်နှံရန် အာဏာပိုင်တွေက ဆောင်ရွက်ခဲ့ကြောင်းလည်း သိရပါတယ်။