Amazon က ဝန်ထမ်းအခြေခံလစာကို ၂ ဆကျော် တိုးပေးထားပါတယ်

Microsoft ကုမ္ပဏီဟာ ဝန်ထမ်းအရည်အချင်းအလိုက် လစာတိုးပေးဖို့အတွက် Global Budget ကို နှစ်ဆနီးပါး တိုးမြှင့်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ 

ဝန်ထမ်းတွေ ကြုံနေရတဲ့ ငွေကြေးဖောင်းပွမှုနဲ့ လုပ်အားဈေးကွက်အကြပ်အတည်းတွေကြောင့် ကုမ္ပဏီအနေနဲ့ ခံစားခွင့်တွေ တိုးပေးဖို့ လုပ်နေတယ်ဆိုပြီး Microsoft အမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလာက တနင်္လာနေ့မှာ ဝန်ထမ်းတွေကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းက သတင်းထွက်ခဲ့သလို ဝန်ထမ်းလစာတိုးပေးတော့မယ့်သတင်း မှန်ကန်ကြောင်းလည်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက GeekWire ကို အတည်ပြုပါတယ်။ 





Microsoft ကုမ္ပဏီဟာ အကြီးတန်း ဒါရိုက်တာ Level နဲ့ အောက် ဝန်ထမ်းတွေအတွက် နှစ်စဉ် စတော့ခ်အခြေခံ ခံစားခွင့်ပြုမှုကို အနည်းဆုံး ၂၅% တိုးဖို့ ရှိသလို အရည်အချင်းပေါ် လိုက်ပြီး လစာတိုးဖို့အတွက်လည်း ဘတ်ဂျက်ကို ၂ ဆနီးပါး တိုးဖို့ ရှိတယ်လို့ ဆိုပါတယ်။ လစာ နဲ့ ခံစားခွင့် တိုးပေးရေး အစီအစဉ်ကို တနင်္လာနေ့က ကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဆတ္တယာ နာဒဲလာက ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်မှာ ဖော်ပြထားပါတယ်။ 


နည်းပညာကျွမ်းကျင်ပညာရှင်တွေအတွက် တန်းတူအပြိုင် ခံစားခွင့်ပေးနိုင်ရေးနဲ့ လက်ရှိ ကြုံနေတဲ့ ငွေကြေးဖောင်းပွမှုကိစ္စတွေအတွက် ဖြေရှင်းဖို့ လစာတိုးပေးဖို့ လုပ်နေတာပါ။ မကြာသေးမီက ပြိုင်ဘက် Amazon ကုမ္ပဏီရဲ့ ကော်ပိုရိတ်နဲ့ နည်းပညာပညာရှင်တွေအတွက် အမြင့်ဆုံးအခြေခံလစာကို နှစ်ဆကျော် တိုးမြှင့်မယ့် ဆုံးဖြတ်ချက်ထွက်လာပြီးနောက် Microsoft ကလည်း ဝန်ထမ်းလစာ တိုးပေးမယ့်အကြောင်း ထုတ်ဖော်ပြောဆိုလာခဲ့တာပါ။ 


နာဒဲလာရဲ့ ဝန်ထမ်းတွေကို ပေးပို့တဲ့ အီးမေးလ်မှာ "ကျွန်တော်တို့ရဲ့ ခံစားခွင့်အစီအစဉ်အပေါ် သိသိသာသာ ထပ်တိုး ရင်းနှီးမြှပ်နှံမှု လုပ်မယ်" လို့ ပြောထားပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အရည်အချင်းအလိုက်ဘက်ဂျက်တိုးဖို့ကိစ္စကတော့ နိုင်ငံ နဲ့ ဒေသတွင်းဈေးကွက်အချက်အလက်တွေပေါ် လိုက်ပြီး ပြောင်းလဲမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ "တစ်ကမ္ဘာလုံးအနှံ့ ခံစားခွင့်တွေ တိုးမြှင့်ပေးမယ့်ကိစ္စဟာ ကျွန်တော်တို့ ဝန်ထမ်းတွေအတွက် ပြိုင်ဆိုင်မှုမြင့်မားတဲ့ အတွေ့အကြုံ ပေးနိုင်ရေးဆိုတဲ့ ကတိကဝတ်ကို ထင်ဟပ်စေပါတယ်" လို့ Microsoft ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။



ဧပြီလအတွင်း အမေရိကန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၈.၃% အထိ တက်ခဲ့ပြီး ဒါဟာ နှစ် ၄၀ အတွင်း အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံဟာ ပြီးခဲ့တဲ့လအတွင်း အလုပ်အကိုင်ခေါ်ဆိုမှုတွေ တိုးမြင့်လာခဲ့ပြီး အလုပ်လက်မဲ့နှုန်း ဖြည်းဖြည်းချင်း ကျဆင်းလာနေတယ်လို့ CNBC က ဖော်ပြပါတယ်။ နည်းပညာကုမ္ပဏီတွေရဲ့ လစာပေးမှုလည်း မြင့်တက်လာပြီး Google ရဲ့ မိခင်ကုမ္ပဏီ Alphabet ဟာ ဝန်ထမ်းစွမ်းရည်အလိုက် ရာထူးနဲ့ ခံစားခွင့် တိုးမြှင့်ပေးမယ့်အစီအစဉ်တစ်ရပ် လုပ်ဆောင်ထားပါတယ်။


Cloud Service Provider ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Amazon ဟာ ပြီးခဲ့တဲ့ လထဲမှာ ဝန်ထမ်းတွေရဲ့ အမြင့်ဆုံး အခြေခံလစာကို ဒေါ်လာ ၁၆၀၀၀၀ ကနေ ဒေါ်လာ ၃ သိန်းခွဲအထိ နှစ်ဆကျော် တိုးပေးခဲ့သလို စတော့ရှယ်ယာခံစားခွင့်တွေပါ ပေးလာခဲ့ပါတယ်။ Microsoft ဟာ ၂၀၂၁ ဇွန် ၃၀ ရက်နေ့မှာ ကုန်ဆုံးတဲ့ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ စတော့ခ်အလိုက် ခံစားခွင့်ပြုမယ့် အသုံးစရိတ်ကို ဒေါ်လာ ၆.၁ ဘီလျံ သုံးစွဲခဲ့ပြီး ဒါဟာ တစ်နှစ်လုံး ရတဲ့ အမြတ်ငွေ ဒေါ်လာ ၆၁ ဘီလျံရဲ့ ၁၀% ပမာဏ ရှိနေပါတယ်။ 

Share

Loading Next Article...
က္က