Power Fashion စက်ရုံ ယာဉ်မောင်းကို ပုဒ်မ ၅ ခုနဲ့အမှုဖွင့်ထားပါတယ်။

ရွှေပြည်သာမြို့နယ်မှာဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုမှာPower Fashion စက်ရုံ ယာဉ်မောင်းကို ပုဒ်မ ၅ ခုနဲ့အမှုဖွင့်ထားပေမယ့် ယာဉ်မောင်းကတော့ ထွက်ပြေးနေတယ်လို့ သိရပါတယ်။

Power Fashion အထည်ချုပ်စက်ရုံ ယာဉ်မောင်းရဲ့ ပေါ့လျော့မှုကြောင့် ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အတွက် သူ့ကို လူသေမှုပုဒ်မ ၃၀၄(က)အပါအဝင် ပုဒ်မ ၃၃၇၊ ၃၃၈၊ ၂၉၄၊ ၂၀၂ ပုဒ်မတွေနဲ့ ရွှေပြည်သာရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့သိရပါတယ်။

" ပုဒ်မ ငါးခုနဲ့ အမှုဖွင့်ထားတယ်။လောလောဆယ် တရားခံကို ဖမ်းဆီးရမိမှုတော့မရှိသေးဘူး။ အမြန်ဆုံးဖမ်းမိအောင်တော့ ဆောင်ရွက်နေတယ်။ဒီလောက်ပဲပြောလို့ရပါသေးတယ်" လို့ ရွှေပြည်သာရဲစခန်းက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

သြဂုတ်လ ၁၀ ရက်နေ့ညက ရွှေပြည်သာ မြို့နယ် ရေစင်မှတ်တိုင်အနီးမှာ အလုပ်သမားတွေကိုကြိုပို့လုပ်နေတဲ့ Power Fashion အထည်ချုပ်စက်ရုံရဲ့ ဖယ်ရီ ကြိုပို့ယာဉ်မှန်လုံကားနှင့် YFM အထည်ချုပ် စက်ရုံက ဖယ်ရီကြိုပို့တဲ့ဒိုင်နာကား တို့ မျက်နာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့တာပါ။

ဓာတ်ပုံ - တေဇာအောင်

"အခင်းဖြစ်တဲ့နေ့က ညပိုင်းမှာ ၅ဦးသေတယ်၊ မနက်ပိုင်းရောက်တော့ တစ်ဦးထပ်သေတယ်။ ၆ ဦးသေဆုံးသွားပြီ။ ယာဉ်မောင်းကတော့ ထွက်ပြေးနေပါတယ်"လို့ရောင်ခြည်ဦးအလုပ်ငမားများအဖွဲ့ ကိုနိုင်ဌေးလွင်က ပြောပါတယ်။

အဆိုပါ ယာဉ်တိုက်မှုမှာ Power Fashion အထည်ချုပ်ရဲ့ အလုပ်သမားကြိုပို့ယာဉ်ဟာ ဝါးတစ်ရာစက်မှုဇုန် YFM သိုးမွေးအထည်ချုပ်စက်ရုံ ကြိုပို့ယာဉ်ကိုတိုက်ခဲ့ခြင်းဖြစ်လို့ Power Fashion ယာဉ်မောင်ကို အရေးယူဖို့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

 ဒီယာဉ်တိုက်မှုကြောင့် YFM သိုးမွေးအထည်ချုပ်စက်ရုံက အလုပ်သမား ၆ ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က