မန်ချက်စတာယူနိုက်တက်အသင်းဟာ အင်တာမီလန်အသင်းက လူကာကူအတွက် အလိုက်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ ကြယ်ပွင့်ကစားသမား ၂ ဦးကို ငြင်းပယ်ခဲ့တယ်လို့ Express ရဲ့သတင်းအရ သိရပါတယ်။
အင်တာမီလန်အသင်းဟာ ယခုနွေရာသီမှာ ဘယ်လ်ဂျီယံလက်ရွေးစင်ကြယ်ပွင့် လူကာကူကို အရခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အင်တာမီလန်နည်းပြသစ် ကွန်တီဟာ လွန်ခဲ့တဲ့ ၂ နှစ်က ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့ လူကာကူကို ခေါ်ယူဖို့ ထပ်မံကြိုးပမ်းနေတာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး လူကာကူက အိုးထရက်ဖို့ဒ်မှာ အနာဂတ်မရေမရာဖြစ်နေချိန်မှာ အင်တာမီလန်နည်းပြသစ် ကွန်တီနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
“ကွန်တီ အင်တာကို သွားတယ်ဆိုတော့ ကောင်းတာပေါ့။ ကျွန်တော့်အတွက်တော့ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပြပါပဲ”
“ကျွန်တော့်အနာဂတ်အတွက် ဆုံးဖြတ်ချက်က ချပြီးသားဖြစ်ပါတယ်။ ကျွန်တော်နဲ့ စာချုပ်ရှိတဲ့ မန်ချက်စတာယူနိုက်တက်ကို လေးစားသမှုကြောင့်သာ လူသိရှင်ကြားထုတ်မပြောနိုင်သေးတာပါ”
“ကျွန်တော်က စီးရီးအေအမာခံပရိသတ်ပါ။ ကျွန်တော်နဲ့နီးစပ်သူအချို့ဆိုရင် ကျွန်တော် အင်္ဂလိပ်လိဂ်နဲ့ အီတလီလိဂ်မှာ ကစားချင်တယ်ဆိုတာ သိကြပါတယ်။ ကျွန်တော် အီတလီကို နှစ်သက်ပါတယ်”
“ပြီးတော့ ခရစ်စတီယာနိုရော်နယ်ဒိုလည်း ရောက်နေတယ်။ ဆာရီကလည်း ဂျူဗင်တပ်မှာ။ အန်ဆယ်လော့တီက နာပိုလီမှာပါ။ အဲဒါက စီးရီးအေကို စိတ်လှုပ်ရှားစရာဖြစ်စေပါတယ်”
“အသင်းနဲ့ ကျွန်တော့်အေးဂျင့်ဟာ အပြောင်းအရွှေ့ကိစ္စကို ပြောကြပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆုံးဖြတ်ချက် ချပြီးပါပြီ”လို့ ပြောကြားခဲ့ကြောင်း Express က ဖော်ပြခဲ့ပါတယ်။
ESPN ရဲ့ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်အသင်းဟာ လူကာကူအတွက် အင်တာမီလန်အသင်းက အလိုက်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ ကစားသမား ၂ ဦးကို ငြင်းပယ်ခဲ့တယ်လို့ သိရပြီး ယင်းကစားသမား ၂ ဦးဟာ အီကာဒီနဲ့ နိုင်ဂိုလန်တို့ ဖြစ်တယ်လို့ သိရပါတယ်။