အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကတော့ ဝေဖန်သူတွေ ဘာပြောပြော၊ သူလုပ်ချင်တာတွေပဲ ရွေးလုပ်ပြီး အခုဆိုရင် အင်္ဂလန်က ယူရိုမှာ ဆီမီးဖိုင်နယ်အထိ တက်သွားခဲ့ပါပြီ။ အင်္ဂလန်က မနေ့ညကလည်း ဆွစ်ဇာလန်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ယူခဲ့တာပါ။

အင်္ဂလန်တို့ ဒီပွဲမှာ အမ်ဘိုလိုရဲ့ ဦးဆောင်ဂိုးသွင်းခြင်းကို ခံခဲ့ရပြီး ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဆောက်ဂိတ် လူစားလဲမှုအပြီးမှာ အင်္ဂလန်တို့ ချက်ချင်းဆိုသလိုပဲ ဆာကာရဲ့ ချေပဂိုး ရရှိခဲ့ပြီး အချိန်ပို၊ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိခဲ့တာပါ။

အင်္ဂလန်တို့ ဦးဆောင်ဂိုးသွင်းခံလိုက်ရပြီး တစ်မိနစ်အကြာမှာပဲ ဆောက်ဂိတ်က လုခ်ရှော၊ ထရစ်ပီယာနဲ့ ပါးလ်မားတို့ကို လူစားလဲဝင်ရောက် ကစားစေခဲ့ပါတယ်။ အဲ့ဒီနောက် တစ်မိနစ်အကြာမှာပဲ ဆာကာက ဧရိယာထိပ်ကနေ လှလှပပ ကန်သွင်းပြီး အင်္ဂလန်အတွက် ချေပဂိုး သွင်းပေးခဲ့တာပါ။
ပင်နယ်တီအဆုံးအဖြတ်မှာတော့ ပစ်ဖို့ဒ်ရဲ့ လက်စွမ်းပြမှုနဲ့ အင်္ဂလန်တို့ ဆီမီးဖိုင်နယ် တက်ခဲ့ပါတယ်။ ဆောက်ဂိတ်ရဲ့ လူစားလဲမှုနောက်ပိုင်း ဂိုးရခဲ့တာ ဒီပွဲမှ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဆလိုဗက်ကီးယားနဲ့ ယူရိုရှုံးထွက်အဆင့်မှာလည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့ပါတယ်။
အဲ့ဒီပွဲမှာ အင်္ဂလန်တို့ မိနစ် (၉၀) ပြည့်လို့ နာကျင်အချိန်ပိုအထိ ရှုံးနေခဲ့တာပါ။ ဒါပေမယ့် တိုနေးကို လူစားလဲပြီး တစ်မိနစ်အကြာမှာပဲ အင်္ဂလန်တို့ ဘယ်လင်ဟမ်ရဲ့ နောက်ပြန်ကန်ချက်နဲ့ ချေပဂိုးရရှိခဲ့ပါတယ်။ အဲ့ဒီနောက် အချိန်ပိုနာရီဝက်မှာ တိုနေးရဲ့ ခေါင်းတိုက်ဖန်တီးပေးမှုနဲ့ ဟယ်ရီကိန်းက ခေါင်းတိုက်ပြီး အနိုင်ဂိုးသွင်းပေးခဲ့တာပါ။