အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၂) နှစ်တစ်ကြိမ် ကျင်းပသင့်တယ်လို့ ပြောဆိုခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လက်ရှိအချိန်မှာလည်း လူကျွံဘောကို အလိုအလျောက်နည်းပညာနဲ့ အဆုံးအဖြတ်ပေးသွားမယ်လို့ ဆိုလာပြန်ပါတယ်။
ဒီနည်းစနစ်ကို လာမယ့် (၂၀၂၂) ကမ္ဘာ့ဖလားမှာ စတင်အသုံးပြုနိုင်လိမ့်မယ်လို့ အာစင်ဝင်းဂါးက ယုံကြည်ထားပါတယ်။ ဘောလုံးကွင်းထဲမှာ နည်းပညာပိုင်းဆိုင်ရာ အသုံးချမှုတွေက ကြီးမားကျယ်ပြန့်လာခဲ့ပြီး ဂိုးစည်းကျော်မကျော်၊ VAR တို့အပြင် လက်ရှိအချိန်မှာတော့ နောက်ထပ်နည်းပညာတစ်ခုကို ထပ်မံမိတ်ဆက်နိုင်ဖို့ နီးစပ်လာခဲ့တာပါ။
အာစင်ဝင်းဂါးဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ရဲ့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ဒါရိုက်တာ တာဝန်ကို ရယူထားတာဖြစ်ပြီး အခုလာမယ့် နည်းပညာအသစ်က ဒိုင်လူကြီးတွေအတွက် ပိုမိုလွယ်ကူလာစေမယ်လို့ဆိုပါတယ်။ အာစင်ဝင်းဂါးက “ဆုံးဖြတ်ချက်ချမှတ်တဲ့နေရာတွေမှာ လျင်မြန်လာဖို့အတွက် ကျွန်တော် သေချာပေါက် လုပ်ဆောင်ရပါမယ်”
“အထူးသဖြင့် လူကျွံဘောအနေအထားတွေမှာပေါ့။ (၂၀၂၂) ကမ္ဘာ့ဖလားမှာ ကျွန်တော်တို့အနေနဲ့ လူကျွံဘောနဲ့ပတ်သက်လို့ အရမ်းလျင်မြန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ပါလိမ့်မယ်။ ပွဲကို ရပ်တန့်ထားရတဲ့ အချိန်တွေလည်း နည်းလာမှာပါ။ ဘာလို့လဲဆိုတော့ VAR မှာ အပြစ်တင်ခံရတာတွေရှိခဲ့လို့ပါ။ အခု ဒီတစ်ခါက ပိုပြီးစိတ်လှုပ်ရှားစရာကောင်းလာပြီး ခင်ဗျားအနေနဲ့လည်း မျှတတဲ့ဆုံးဖြတ်ချက် ဟုတ်၊ မဟုတ်ဆိုတာကို အချိန်တိုအတွင်း သိနိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
VAR နဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ ဒိုင်လူကြီး၊ နည်းပြ၊ ကစားသမားနဲ့ ပရိသတ်တွေအကြားမှာ အငြင်းပွားစရာတွေရှိနေပြီး VAR ကြောင့် ပွဲချိန်တွေ အလေအလွင့်ဖြစ်လွန်းတယ်ဆိုတဲ့ ဝေဖန်မှုတွေရှိနေပါတယ်။ အဲ့ဒါကြောင့် ဒီတစ်ခါ အာစင်ဝင်းဂါးပြောလာတဲ့ နည်းစနစ်က ဘယ်လောက်အထိ အလုပ်ဖြစ်မလဲ၊ ပရိသတ်တွေရော ကျေနပ်အားရမလား စောင့်ကြည့်ရပါလိမ့်မယ်။