• လူကြီးမိဘတွေနဲ့ ခရီးသွားမယ်ဆိုရင် ဒါတွေပြင်ဆင်ပြီးမှသွားပါ

လူကြီးသူမတွေ လမ်းခရီးမှာ သက်သောင့်သက်သာရှိဖို့က အရမ်းအရေးကြီးပါတယ်။

လူကြီးတွေနဲ့ ခရီးသွားတာက ပုံမှန်ခရီးစဉ်တွေလိုမဟုတ်ဘဲ ပြင်ဆင်ရမှာတွေ များလှပါတယ်။ သူတို့တွေ လမ်းခရီးမှာ သက်သောင့်သက်သာဖြစ်ဖို့၊ ဘေးကင်းဖို့နဲ့ ပျော်ရွှင်ဖို့ကို ဘာတွေပြင်ဆင်ရမလဲသိချင်ရင်တော့ ဒီဆောင်းပါးမှာ ဖတ်ရှူနိုင်ပါပြီ။ 


ဆရာဝန်နဲ့ တိုင်ပင်ပါ


ခရီးမထွက်ခင်မှာ ပြနေကျဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး ခရီးထွက်ဖို့ သင့်တော်/မတော်နဲ့ လိုအပ်တဲ့ ဆေးဝါးတွေကို ကြိုတင်စီမံပါ။ သွားမယ့်ခရီးက ဝေးရင် လမ်းတစ်ဝက်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ကြိုတင်ရှာဖွေထားပါ။ 


image


ခရီးစဉ်ကို လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် စီစဉ်ပါ


ခရီးစဉ်ကို စီစဉ်တဲ့အခါ လူကြီးတွေရဲ့ ကြံ့ခိုင်မှုအခြေအနေ၊ ကျန်းမာရေးနဲ့ အသက်အရွယ်ကို ထည့်တွက်ပါ။ အလွန်အကျွံ လမ်းလျှောက်တာ ဒါမှမဟုတ် ကာယအားစိုက်ထုတ်ဖို့ လိုအပ်တဲ့နေရာတွေကို ဖယ်ထုတ်ပြီး သွားလာရလွယ်ကူပြီး နားခိုစရာနေရာရှိတဲ့ လမ်းကြောင်းကို ရွေးချယ်ပါ။  


လိုအပ်တဲ့ ဆေးဝါးတွေကို ထုပ်ပိုးပြီး သယ်ယူပို့ဆောင်ရေးအတွက် စီစဉ်ပါ


ခရီးစဉ်မှာ လူကြီးတွေ သောက်နေကျဆေးဝါးတွေအပြင် ဆီးချိုစစ်စက်၊ သွေးပေါင်ချိန်စက်လို နေ့စဉ်သုံးနေရတဲ့ စက်ကိရိယာတွေကိုပါ ထည့်ပါ။ အရေးပေါ်အခြေအနေတွေအတွက် ဆက်သွယ်ရမယ့် ဆရာဝန်ကိုလည်း ပြင်ဆင်ထားပါ။ အချိန်ရှည်ကြာ ခရီးသွားတဲ့အခါ အထူးသီးသန့်ဝန်ဆောင်မှု (VIP Service) စီစဉ်တာ၊ ဘီးတပ်ကုလားထိုင်သုံးတာနဲ့ နေရာရွေးချယ်တဲ့အခါမှာလည်း ဝင်ထွက်ရလွယ်တဲ့ နေရာတွေကို ရွေးချယ်ပါ။ 



ရေဓာတ်ပြည့်ဖို့ သတိပြုပြီး အနားယူနိုင်အောင် စီစဉ်ပါ


ပင်ပန်းနွမ်းနယ်တာ၊ ရာသီဥတုဒဏ်နဲ့ ကျန်းမာရေးပြဿနာတွေကို ရှောင်ရှားဖို့ ရေနဲ့ အဆာပြေမုန့်တွေကို ပြင်ဆင်ထားပါ။ လမ်းခရီးမှာ အနားယူနိုင်အောင်လည်း တစ်နေရာနဲ့ တစ်နေရာ အကူးအပြောင်းမှာ နားနိုင်အောင် စီစဉ်ထားနိုင်ပါတယ်။ 


ဝန်ပိုတွေကို လျှော့ပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေကိုပဲ ထည့်ပါ 


လေးလံတဲ့ခရီးဆောင်အိတ်အစား မရှိမဖြစ်ပစ္စည်းတွေကိုပဲ ထည့်ပါ။ သယ်ယူရလွယ်ကူစေဖို့ ဘီးပါတဲ့ ခရီးဆောင်အိတ်တွေကို ရွေးချယ်ပါ။ ခရီးစဉ်အတွင်း လိုအပ်တဲ့ သက်သေခံကတ်ပြားများ၊ အာမခံကတ်နဲ့ ဆေးမှတ်တမ်းလိုမျိုး အရေးကြီးတဲ့စာရွက်စာတမ်းတွေကို သိမ်းဆည်းထားပါ။



အဆက်အသွယ်မပြတ်ပါစေနဲ့


အရေးပေါ်အခြေအနေမှာ မိသားစုဝင် ဒါမှမဟုတ် ကျန်းမာရေးပြုစုစောင့်ရှောက်ပေးသူတွေနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုစီမံပါ။ လက်ကိုင်ဖုန်းနဲ့ ပါဝါဘန့်တွေကို အားပြည့်နေအောင် ဖြည့်ထားပါ။ မတော်တဆ လူစုကွဲသွားနိုင်တဲ့ ဖြစ်ရပ်အတွက် နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို စာရွက်မှာ ကြိုရေးထားပြီး လူကြီးတွေကို ပေးထားပါ။ 


စိတ်ရှည်ပြီး လိုက်လျောညီထွေရှိပါ


သက်ကြီးရွယ်အိုတွေနဲ့ ခရီးသွားရာမှာ အချိန်ပိုယူဖို့နဲ့ စိတ်ရှည်ဖို့ လိုအပ်ကြောင်း နားလည်ပါ။ ခရီးအစီအစဉ်တွေကို လိုက်လျောညီထွေဖြစ်အောင် လုပ်ပြီး အချိန်မရွေး ပြောင်းလဲနိုင်အောင် စီစဉ်ထားဖို့ မမေ့ပါနဲ့။ 



ခရီးသွားအာမခံကို ထည့်သွင်းစဉ်းစားပါ


ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေအတွက် အကျုံးဝင်တဲ့ ခရီးသွားအာမခံနဲ့ ခရီးစဉ်တလျှောက် ပစ္စည်းပျောက်ဆုံးမှုတွေဆီက ကာကွယ်နိုင်တဲ့ ခရီးသွားအာမခံကို ဝယ်ယူဖို့ စဉ်းစားပါ။ ခရီးသွားအာမခံဝယ်ယူမယ်ဆိုရင်တော့ မိမိလိုအပ်ချက်တွေနဲ့အညီ ရွေးချယ်နိုင်တဲ့ Flymya မှာ ဝယ်ယူနိုင်ပါတယ်။ 

မမျှော်လင့်တာတွေ ကြုံလာနိုင်ပေမဲ့လည်း လူကြီးတွေနဲ့ခရီးသွားတာက တန်ဖိုးရှိတဲ့ အတွေ့အကြုံတစ်ခုဖြစ်တာကြောင့် အမှတ်ရစရာ အခိုက်အတန့်တွေကို ဖန်တီးပြီး ပျော်ပျော်ရွှင်ရွှင်ခရီးတစ်ခုကို ဖြတ်သန်းနိုင်ပါစေ။  


ယခု ခရီးသွားဆောင်းပါးကို Duwun နှင့် Flymya မှ ပူးပေါင်းတင်ဆက်ပါသည်။

Share

Loading Next Article...
က္က