အထက်လူကြီးနဲ့ Client တို့ရဲ့ အဓမ္မပြုကျင့်မှုခံရကြောင်း ပြောခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးကို Alibaba ဟာ အလုပ်ကနေ ထုတ်ပယ်လိုက်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဖြစ်ပွားခဲ့တဲ့ အမှုမှာ ကာယကံရှင်အမျိုးသမီးဟာ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာညှိုးနွမ်းအောင် မဟုတ်တမ်းတရားတွေ ဖြန့်ခဲ့တယ်ဆိုပြီး အလုပ်ဖြုတ်ကြောင်း ပေးစာမှာ ရေးထားပါတယ်။ အထက်မန်နေဂျာနဲ့ ကုမ္ပဏီရဲ့ဖောက်သည်တို့ ပေါင်းပြီး အဓမ္မပြုကျင့်တာ ခံရကြောင်း ပြောဆိုခဲ့တဲ့ အမျိုးသမီးဟာ ကုမ္ပဏီအနေနဲ့ ဒီကိစ္စကို အရေးယူဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး လူသိရှင်ကြားစွပ်စွဲခဲ့တာပါ။

Photo: newsweek
စီးပွားရေးကိစ္စနဲ့ ခရီးထွက်နေစဉ်အတွင်းမှာ အခုလို လိင်စော်ကားခံလိုက်ရတာလို့လည်း ဆိုပါတယ်။ဩဂုတ်လကုန်ပိုင်းက သူမဟာ Alibaba ရဲ့ Intranet ပေါ်မှာ သူမရဲ့ အထက်အရာရှိ Wang Chengwen ဆိုသူနဲ့ ကုမ္ပဏီရဲ့ Client တစ်ဦးတို့ဟာ သူမကို လိင်စော်ကားမှုလုပ်ခဲ့တယ်ဆိုပြီး ပို့စ်တင်ခဲ့ပါတယ်။ ကာယကံရှင်အမျိုးသမီးရဲ့ အဆိုအရ Wang ဟာ ဇူလိုင်နှောင်းပိုင်းက Jinan မှာ လုပ်တဲ့ လုပ်ငန်းညစာစားပွဲတစ်ခုမှာ အရက်တွေ အလွန်အကျွံသောက်အောင် အတင်းဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။ နောက်တစ်နေ့မှာ သူမဟာ ဟိုတယ်ခန်းထဲမှာ အဝတ်ဗလာနဲ့ နိုးထလာခဲ့တယ်လို့လည်း ပြောပါတယ်။
သူမစိတ်ထဲ ရှင်းရှင်းလင်းလင်း မှတ်မိနေတဲ့အချက်တစ်ခုက Wang ဟာ သူမကို အခန်းထဲ မပို့ခင်မှာ သူကို ဖက်ယမ်းနမ်းရှုံ့တာ ပွတ်သပ်ကိုင်တွယ်တာမျိုးတွေ လုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျူးလွန်ခဲ့တဲ့ Alibaba မန်နေဂျာ Wang ဟာ အရက်မူးလွန်နေတဲ့ အမျိုးသမီးကို ကာမရယူခဲ့ကြောင်း ဝန်ခံခဲ့တယ်လို့ ကုမ္ပဏီ CEO ဒန်နီယယ်ဇောင်ရဲ့ ဝန်ထမ်းတွေကို ပေးတဲ့စာမှာ ဖော်ပြထားပါတယ်။
Photo: Reuters
ဒီကိစ္စကြောင့် Wang ကို အလုပ်က ထုတ်ပယ်ခဲ့ပေမယ့် သူ့ကို ထိန်းသိမ်းထားရာကနေ ရဲတပ်ဖွဲ့က လွှတ်ပေးတယ်လို့ ဆိုပါတယ်။ အမှုမှာ ပါဝင်ခဲ့တဲ့ ဖောက်သည်ကိုတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးဆဲလို့ ဆိုပါတယ်။ Dahe Daily လို့ ခေါ်တဲ့ သတင်းစာမှာ တိုင်ကြားထားတဲ့ အမျိုးသမီးကို Alibaba ဟာ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ အလုပ်ကနေ ထုတ်ပယ်ခဲ့ကြောင်းကို အလုပ်ထုတ်ခံရတဲ့စာနဲ့တကွ ဖော်ပြထားပါတယ်။
အလုပ်ထုတ်ရတဲ့အကြောင်းရင်းအနေနဲ့ သူမဟာ လိင်စော်ကားခံရကြောင်း နဲ့ အဲ့ဒီအမှုကို ကုမ္ပဏီက အရေးယူကိုင်တွယ်ဖို့ ပျက်ကွက်ခဲ့တဲ့အကြောင်း သတင်းမှားတွေ ဖြန့်ခဲ့တယ်လို့ စာမှာ ဖော်ပြထားပါတယ်။ "ကုမ္ပဏီပေါ် ပြင်းထန်တဲ့လူမှုရေးဆိုင်ရာ စိုးရိမ်ချက်တွေနဲ့ မကောင်းတဲ့သက်ရောက်မှုတစ်ခု ဖြစ်စေခဲ့တယ်"လို့လည်း ရေးထားပါတယ်။ ကာယကံရှင်အမျိုးသမီးကတော့ "သူမ ဘာအမှားမှ လုပ်မထားကြောင်းနဲ့ ဒီရလဒ်ကို လက်ခံမှာ မဟုတ်ကြောင်း သူမရဲ့ရပိုင်ခွင့်နဲ့ အကျိုးစီးပွားကာကွယ်ဖို့ တရားဥပဒေအတိုင်း လျှောက်မယ့်အကြောင်း " ပြောထားပါတယ်။
Alibaba ဟာ ဒီအမှုမှာ ကာယကံရှင်ရဲ့ Post Screenshorts တွေကို ပြန် Share ခဲ့တဲ့ ဝန်ထမ်း ၁၀ ဦးကိုလည်း အလုပ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။