ယနေ့ခေတ်လူငယ်တွေအကြားမှာ WY လို့ခေါ်တဲ့ စိတ်ကြွရူးသွပ်ဆေးပြားက သုံးစွဲမှုမြင့်တက်နေပြီး အလွယ်တကူ ပျံ့နှံနေပါတယ်။ သုံးစွဲသူတွေက အသီးလို့တင်စားခေါ်ဝေါ်ကြတဲ့ ဒီပန်းရောင်ဆေးပြားလေးတွေက လူတစ်ယောက်ရဲ့ဘဝကို အလွယ်တကူဝင်ရောက်လာတတ်ပြီး ဘဝတစ်ခုလုံးကို လှိုက်စားသွားနိုင်တဲ့အထိ ပါဝါပြင်းပါတယ်။ လူငယ်တွေဘာကြောင့် WY သုံးတာလဲ WY သုံးစွဲရင်ဘယ်လိုခံစားရသလဲ၊ နောက်ဆက်တွဲဆိုးကျိုးတွေဘာဖြစ်တတ်သလဲဆိုတာကို လေ့လာကြည့်ရအောင်။
WY ဆိုတာ ဘာလဲ
Photo: Flymediashop
WY ကို အာရှနိုင်ငံအတော်များများမှာ ယာဘ လို့လူသိများသလို မြန်မာနိုင်ငံမှာတော့ သုံးစွဲသူတွေက အသီးလို့ ခေါ်ကြပါတယ်။ WY က မက်သဖက်တမင်း (methamphetamine) နဲ့ ကက်ဖိန်း (caffeine) ဓာတ်တွေကို ပေါင်းစပ်ထားတဲ့ မူးယစ်ဆေးဝါးတစ်မျိုးပါ။ အဖက်တမင်းလို့လည်းခေါ်ဝေါ်တာမျိုးတွေရှိပါတယ်။
ပုံစံကတော့ ပန်းရောင်ရှိတဲ့ဆေးပြားငယ်လေးတွေဖြစ်ပြီး အခြား အစိမ်းတို့အပြာရောင်တို့လည်း ရှိတတ်ပေမယ့် ဈေးကွက်ထဲမှာတော့ ပန်းရောင်ဆေးပြားတွေကိုအများဆုံးမြင်တွေ့ရပါတယ်။
ဘယ်လိုခံစားချက်ရှိသလဲ
Photo: Times of India
WY က စွဲလန်းဖို့အင်မတန်အားကောင်းတဲ့ မူးယစ်ဆေးတစ်မျိုးပါ။ သူ့ကိုသုံးစွဲတဲ့အချိန်မှာခံစားချက်က ပျော်မယ်၊ တက်ကြွမယ်၊ ကိုယ့်ဘဝကအရာရာကြည်လင်လှပနေမယ်၊ အလုပ်တွေကို စိတ်ပါလက်ပါနဲ့ကြိုးကြိုးစားစားလုပ်လာနိုင်မယ်၊ စတဲ့ခံစားချက်မျိုးတွေကို ရလာတတ်ပါတယ်။
ဒါက အစပိုင်း တစ်လုံး၊နှစ်လုံးလောက်သုံးစွဲတဲ့အချိန်မျိုးပါ။ သုံးစွဲတာကြာလာပြီဆိုရင်တော့ ပထမဆုံးအနေနဲ့ အပေါ်က ဖော်ပြခဲ့တဲ့ ခံစားချက်ကို ရဖို့အတွက် သုံးစွဲတဲ့ပမာဏပိုများလာတတ်ပါတယ်။ ပိုများလာတဲ့အခါမှာတော့ ဘေးထွက်ဆိုးကျိုးတွေက သုံးလေးရက်ဆက်တိုက်မအိပ်တော့တာ၊ သံသယစိတ်များလာ၊ ကိုယ့်ကိုကိုယ်အထင်ကြီးဘဝင်မြင့်လာတာ၊ ဆေးအရှိန်နဲ့ သုံးလေးရက်မအိပ်ရာကနေ ဆေးပြယ်ပြီဆိုရင် တစ်ရက်၊ နှစ်ရက်လောက်ဆက်တိုက်အိပ်တာ၊ ဆေးပြန်တင်ချင်တဲ့အချိန် အဆင်မပြေဖြစ်လာရင် ဒေါသကြီးပြီး စိတ်မကျေနပ်မှုတွေများလာတာမျိုးဖြစ်တတ်ပါတယ်။
ဘေးထွက်ဆိုးကျိုး
Photo: India Times
WY ရဲ့ဘေးထွက်ဆိုးကျိုးကို စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ ပြောင်းလဲပေးတဲ့ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းအုပ်စိန်က အခုလိုရှင်းပြပါတယ်။
"ယာဘ က မူးယစ်ဆေးထဲမှာ မထိသင့်ဆုံးအမျိုးအစားနှစ်မျိုးထဲမှာ ပါပါတယ်။ ပထမတစ်မျိုးကတော့ ဘိန်းပါ။ သူက အင်မတန်စွဲလန်းလွယ်ပါတယ်။ ယာဘက ပေးတဲ့ ခံစားမှုမျိုးက ဘယ်အရာနဲ့မှအစားထိုးလို့မရပါဘူး။ စိတ်ကျန်းမာရေးအရ သုံးစွဲသူတွေဟာ ဒေါသကြီးလာမယ်၊ သံသယစိတ်များလာတတ်ပါတယ်။ သုံးစွဲသူနဲ့အတူနေမိသားစုတွေဟာ ကြက်ဥအခွံတွေအပေါ်လမ်းလျှောက်နေရသလို ဖြစ်နေတတ်ပြီး ဘယ်အချိန်ပေါက်ကွဲမလဲဆိုတာကို မှန်းဆမရပါဘူး။ ဒီလို သံသယနဲ့ဒေါသစိတ်တွေက ဆေးမသုံးထားတဲ့အချိန်မျိုးတွေမှာတောင် ထိန်းသိမ်းလို့မရတတ်တော့ပါဘူး။" လို့ ဒေါက်တာ သိန်းအုပ်စိန်ကဆိုပါတယ်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိသလို ရုပ်ပိုင်းဆိုင်ရာအရလည်း အအိပ်အစားမမှန်တဲ့အတွက် အားအင်ချိနဲ့ ပိန်ချုံးလာမယ်၊ သွေးခုန်နှုန်းမြင့်တက်လာမယ်၊ ဦးနှောက်လေဖြတ်နိုင်ချေရှိတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။
ဘယ်လိုဖြတ်မလဲ
WY ကိုစွဲလန်းနေသူတွေကို ဒီအရာကမကောင်းကြောင်းပြောရတာ အရမ်းကိုခက်ခဲပါတယ်။ သုံးစွဲသူအများစုက ဘဝင်မြင့်နေတတ်ပြီး ကိုယ့်ကိုကိုယ်သာအမှန်ဆုံးလို့ အထင်ရှိနေတတ်ကြပါတယ်။
ဒီတော့ သုံးစွဲသူတွေကို သူတို့မှားကြောင်း စိတ်ရှည်လက်ရှည်နဲ့ရှင်းပြဖို့လိုသလို ဆေးမသုံးရလို့ ဒေါသထွက်စိတ်ပျက်နေချိန်မှာလည်း ဖေးမကူညီဖို့လိုပါတယ်။ အဖက်တမင်းရဲ့ခံစားချက်က ဘာနဲ့မှအစားထိုးလို့မရဘူးဆိုပေမယ့် မိသားစုနဲ့ ချစ်ခြင်းမေတ္တာရဲ့ခံစားချက်အစစ်အမှန်ကို နားလည်လက်ခံလာနိုင်မယ်ဆိုရင် ဒါကို ကျော်ဖြတ်နိုင်မှာပါ။ WY က လူငယ်တွေရဲ့အနာဂတ်ကို ဖျက်စီးခြောက်လှန့်နေတဲ့ ပန်းရောင်တစ္ဆေပါ။ WY က စမ်းမသုံးသင့်တဲ့ မူးယစ်ဆေးဝါးတစ်မျိုးပါ။ WY ရဲ့အန္တရာယ်ကို ရှောင်ရှားနိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ လုံးဝမသုံးစွဲဖို့ပါပဲ။
ဖော်ပြပါအကြောင်းအရာများသည် Duwun Community Voice အစီအစဉ်မှ ဒေါက်တာသိန်းအုပ်စိန် (စိတ်ကျန်းမာရေးဆရာဝန်) ရဲ့ ဆွေးနွေးအကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။
Share