ယူနိုက်တက်တို့ အဝေးကွင်းမှာ ကံကောင်းခဲ့ပြီး အေဂျက်စ်ကလည်း ဘင်ဖီကာနဲ့ နှစ်ဂိုးစီသရေကျခဲ့ပါတယ်။

ဒီပွဲအတွက် အိမ်ရှင်အက်သလက်တီကိုက သတင်းကြိုထွက်ခဲ့တဲ့အတိုင်းပဲ နောက်တန်းငါးယောက်နဲ့ ကျစ်ကျစ်လျစ်လျစ် ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ယာအိုဖီးလစ်နဲ့ ကော်ရီယာတို့ ပွဲထွက်ခဲ့ပါတယ်။ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ အရံခုံမှာသာ ရှိနေခဲ့ပေမယ့် ယူနိုက်တက်ကို အသာစီးကစားနိုင်ခဲ့ပါတယ်။



ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ဒီပွဲမှာ ဒါလော့၊ ဘစ်ဆာကာနှစ်ယောက်လုံးကို မသုံးခဲ့ဘဲ လင်ဒီလော့ဖ်ကို ညာအစွန်ထုတ်၊ မက်ဂွိုင်းရား၊ ဗာရန်း၊ လုခ်ရှောတို့နဲ့ပွဲထွက်ခဲ့ပါတယ်။ ကွင်းလယ်မှာ တွမ်မီနေးမပါဝင်ခဲ့ဘဲ ဖရက်ဒ်၊ ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်နဲ့ တိုက်စစ်မှာ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ရော်နယ်ဒိုတို့ ပွဲထွက်ခဲ့ပါတယ်။

ပွဲစတာနဲ့ အက်သလက်တီကိုက အိမ်ရှင်အားကို အပြည့်အဝ အသုံးချပြီး ယူနိုက်တက်ကို ဖိအားပေးနိုင်ခဲ့သလို ဦးဆောင်ဂိုးလည်း စောစောစီးစီးရရှိခဲ့ပါတယ်။ လိုဒီရဲ့ဖြတ်တင်ဘောကို ယာအိုဖီးလစ်က လှလှပပပဲ ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂီယာလည်း ဘယ်လိုမှမတတ်နိုင်ဘဲ ငုတ်တုတ်မေ့သွားခဲ့ရပါတယ်။

အက်သလက်တီကိုဘက်က တိုက်စစ်ဆင်လာတဲ့အချိန်တိုင်း ယူနိုက်တက်နောက်တန်းက ရုန်းကန်နေခဲ့ရတာကို မြင်တွေ့ခဲ့ရပြီး ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်တို့လည်း ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုတယောက်လည်း ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ ယူနိုက်တက်က ဘာအခွင့်အရေးမှ မရခဲ့သလို အိုဘလက်ခ်ကိုလည်း တကြိမ်တောင် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။

ဒုတိယပိုင်းမှာလည်း ပထမပိုင်းနဲ့ သိပ်မထူးခြားနားပါပဲ။ အက်သလက်တီကိုကတော့ ဂိုးပြန်မပေးရဖို့ဘဲ အဓိက အာရုံစိုက်ခဲ့ပြီး တန်ပြန်တိုက်စစ်ကနေ အခွင့်အရေးရမှပဲ ဂိုးသွင်းမယ့်ပုံစံမျိုး ကစားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ရန်းနစ်ဂ်က ဝမ်ဘစ်ဆာကာ၊ တဲလက်စ်၊ မာတစ်၊ အီလန်ဂါတို့ကို ထည့်သွင်းခဲ့ပြီး ဖရိန်တခုလုံးနီးပါးကို အပြောင်းအလဲလုပ်ခဲ့ပါတယ်။

ယူနိုက်တက်တို့ ပထမပိုင်းထက် ပိုဖိကစားနိုင်ခဲ့တယ်ဆိုပေမယ့် အခွင့်အရေးရဖို့အတွက်တော့ ရုန်းကန်ခဲ့ရပါတယ်။ ပွဲကစားချိန် မိနစ် (၈၀) မှာတော့ ဒီပွဲအတွက် ယူနိုက်တက်ရဲ့ ပထမဆုံး ဂိုးပေါက်တည့်မှုအဖြစ် ဘရူနိုဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကို အီလန်ဂါက သွင်းယူပေးသွားခဲ့ပြီး အဝေးကွင်းမှာ ယူနိုက်တက်တို့ သရေရရှိခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ အက်သလက်တီကိုဘက်က တိုင်တကြိမ်ထိခဲ့တာ၊ ဒုတိယပိုင်းမှာလည်း လူစားဝင်ကစားသမား ဂရစ်ဇ်မန်းရဲ့ကန်ချက် တိုင်ထိခဲ့တာတွေကလည်း ယူနိုက်တက်အတွက် ကံကောင်းခဲ့ပါတယ်။

တချိန်တည်းကစားခဲ့တဲ့ ဘင်ဖီကာနဲ့အေဂျက်စ်ပွဲမှာတော့ အပြန်အလှန်သွင်းဂိုးတွေနဲ့အတူ တဖက်နှစ်ဂိုးစီနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ အေဂျက်စ်တိုက်စစ်မှူး ဟော်လာကတော့ ချန်ပီယံလိဂ်သွင်းဂိုး (၁၁) ဂိုးအထိ ရှိလာပြီး (၇) ပွဲကစားပြီးချိန်မှာတင် ဒီအရေအတွက်အထိ သွင်းယူနိုင်ခဲ့တာက ပြိုင်ပွဲသမိုင်းတလျှောက် အမြန်ဆုံး စံချိန်တရပ်လည်းဖြစ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က