ဖလော်ရီဒါမှာ ကျင်းပနေတဲ့ eSports ဂိမ်းပြိုင်ပွဲ လက်ရည်စစ်ပွဲမှာ လူ ၃ ယောက်သေ ၊ ၁၀ ယောက် သေနတ်ဒဏ်ရာ ရခဲ့ပြီးနောက် ဒီပွဲကို ကြီးမှူးကျင်းပနေတဲ့ Electronics Arts (EA) ဟာ နောက်ထပ် ပြိုင်ပွဲ ၃ ခုစလုံးပါ ပယ်ဖျက်ခဲ့ပါတယ်။
Photo: Yahoo Finance
Madden 19 Tournament အနေနဲ့ပထမအဖွင့် လက်ရည်စစ်ပြိုင်ပွဲ ကျင်းပရာ GLHF Game bar မှာ သေနတ်ပစ်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး တရားခံဖြစ်သူဟာ ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ပါတယ။် သေနတ်သမားဟာ ပြိုင်ဘက် ပရိုကစားသမားနှစ်ဦး ဖြစ်တဲ့ တေလာရောဘတ်ဆန် နဲ့အီလိုင်ဂျာ ကလေတန်တို့ကို သတ်ခဲ့တာပါ။
"တေလာနဲ့အီလိုင်ဂျာတို့ရဲ့ မိသားစုတွေကို ဒီခက်ခဲတဲ့ကာလတွေ ဖြတ်သန်းရာမှာ ကျွန်တော်တို့ပံ့ပိုးပေးသွားမှာ ဖြစ်သလို ထိခိုက်ဒဏ်ရာရသူတွေရော ဒီဖြစ်ရပ်နဲ့သက်ဆိုင်တဲ့ သူတိုင်းအတွက် မိသားစုနဲ့ထပ်တူ ဝမ်းနည်းရပါတယ်။" လို့EA က ထုတ်ပြန်ထားပါတယ်။
သေဆုံးသူ ၂ ဦးဟာ လေးစားလောက်တဲ့ ကျွမ်းကျင်ဂိမ်မာတွေ ဖြစ်သလို ကလေတန်ဟာ ပြီးခဲ့တဲ့နှစ် Madden national ဖိုင်နယ်ပွဲအထိ တက်လှမ်းနိုင်ခဲ့ပြီး ကလေးအဖေဖြစ်သူ ရောဘတ်ဆန်ကတော့ Madden 17 Classic မှာ အနိုင်ရခဲ့ပြီးနောက် DotCity Gaming အဖွဲ့ဝင် ဖြစ်လာခဲ့သူပါ။
အီလိုင်ဂျာ ကလေတန်ဟာ TrueBoy လို့နာမည်ကြီးပြီး ပြီးခဲ့တဲ့နှစ် ဂိမ်းပြိုင်ပွဲမှာ ဒေါ်လာ ၅ သောင်းကျော် ဆုကြေး ရခဲ့ပါတယ်။ ဗာဂျီးနီးယားနယ်သား ရောဘတ်ဆန် ဟာ ၂၀၁၇ ဂိမ်းပြိုင်ပွဲ Madden 17 Classic မှာ ဒေါ်လာ ၈ သောင်း ဆုကြေး ရခဲ့တဲ့ ပရိုဂိမ်မာတစ်ဦးလည်း ဖြစ်ပါတယ်။
ဒီသတ်ဖြတ်မှုဟာ ဂိမ်းပြိုင်ပွဲတွေမှာ ပထမဆုံး လူသတ်မှု တစ်ခုလည်း ဖြစ်ပြီး Twitch ကနေ ဂိမ်းပြိုင်ပွဲ Live လွှင့်စဉ် ဖြစ်ပွားခဲ့တာကြောင့် အခင်းဖြစ်ရပ်တစ်ချို့ကို ဗွီဒီယို ဖမ်းယူနိုင်ခဲ့ပါတယ်။
Madden 19 ဖြစ်ရပ်ဆိုးရဲ့ နောက်ဆက်တွဲ သတင်းအနေနဲ့EA ဟာ Madden 19 လက်ကျန် ၃ ပွဲကို ဆက်မကျင်းပတော့ဖို့ဆုံးဖြတ်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ အစီအစဉ်အရ Madden 19 ဖိုင်နယ်ပွဲကို လာမယ့် အောက်တိုဘာလထဲမှာ ကျင်းပရမှာပါ။