ကိုယ်စားလှယ်တွေဟာ လွှတ်တော်အစည်းအဝေးမကျင်းပမီတစ်ပတ်အလိုခန့်မှာ နေပြည်တော်ကို လာရမှာပါ။

နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတက်ရောက်ကြမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မေလ ၁၀ ရက်ထက် နောက်မကျဘဲ နေပြည်တော် တည်းခိုနေရာတွေကို ရောက်ရှိရမယ်လို့ ညွှန်ကြားထားပြီး မေလ ၁၁ ရက်လောက်က စတင်ကာ ကိုယ်စားလှယ်တွေကို COVID-19 ရောဂါပိုးရှိ၊မရှိ ဓာတ်ခွဲနမူနာရယူစစ်ဆေးသွားဖို့ ရှိတယ်လို့သိရပါတယ်။

လွှတ်တော်အသီးသီးရဲ့ ပုံမှန်အစည်းအဝေးတွေကို မေလ ၁၈ ရက်ကစတင်ကျင်းပမှာဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေးမတိုင်ခင် တစ်ပတ်အလိုမှာ နေပြည်တော်ကို ရောက်ရှိရမှာဖြစ်ပါတယ်။

မြို့နယ်အသီးသီးက လာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို သူတို့နေထိုင်တဲ့ အဆောင်တွေမှာ ၅ ရက်ကြာ အသွားအလာကန့်သတ်ထားပြီး အဲ့ဒီရက်တွေမှာ ကျန်းမာရေးစစ်ဆေးစောင့်ကြည့်သွားမှာလည်းဖြစ်ပါတယ်။

“ ကိုယ်စားလှယ်တွေ ရောက်ကြောင်း သတင်းပို့ပြီးတာနဲ့ swab ယူပြီး COVID-19 အတွက် ဓာတ်ခွဲစစ်ဆေးမယ်လို့ပြောပါတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်က ပြောပါတယ်။

Lock Down ဧရိယာက ကိုယ်စားလှယ်တွေ၊ ကိုယ်တိုင် ကွာရန်တင်းဝင်နေတဲ့ ကိုယ်စားလှယ်တွေနဲ့ ကိုဗစ်ရောဂါခံစားနေရတဲ့ ကိုယ်စားလှယ်တွေက အစည်းအဝေးတက်ရောက်ဖို့ မလိုအပ်ဘူးလို့ အသိပေးကြေညာထားပါတယ်။

နေပြည်တော်ကို လာရောက်ကြမယ့် ကိုယ်စားလှယ်တွေအနေနဲ့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်အလိုက် ကိုယ်စားလှယ်တွေ စုဖွဲ့ပြီး စုရပ်၊ ထွက်ခွာလိုတဲ့ နေ့ရက်၊ အချိန်တို့ကို လွှတ်တော်ရုံးတွေကို စောစော ဆက်သွယ်အကြောင်းကြားဖို့ကိုလည်း အသိပေးထားပါတယ်။

Share

Loading Next Article...
က္က