ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အသစ် အိုမီခရွန်ဟာ ယခင်ရှိပြီးသား ဗီဇပြောင်းဗိုင်းရပ်စ် ဒယ်လ်တာထက် ကူးစက်မှုနှုန်းပိုမြန်ပြီး ကာကွယ်ဆေးထိုးထားသူတွေ သို့မဟုတ် COVID-19 ကနေ ပြန်လည်သက်သာလာသူတွေမှာလည်း ကူးစက်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က တနင်္လာနေ့ (ဒီဇင်ဘာ ၂၀ ရက်) မှာ သတိပေး ပြောကြားပါတယ်။
(WHO အကြီးအကဲ Tedros) (Photo: Reuters)
ဒါ့အပြင် အိုမီခရွန်က ယခင်ဗိုင်းရပ်စ်လောက် ရောဂါပြင်းထန်မှုမရှိကြောင်း အစောပိုင်းတွေ့ရှိချက်တွေကနေ ကောက်ချက်ချပါက မဆင်မခြင်လုပ်ဆောင်တာ ဖြစ်လိမ့်မယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan က ဆိုပါတယ်။
ကူးစက်မှုအရေအတွက်တွေ မြင့်တက်လာတာနဲ့အတူ ကျန်းမာရေးစနစ်အားလုံး မနိုင်းမနင်းဖြစ်ပြီး ဖိအားအောက်ရောက်လာတော့မယ်
"ကူးစက်မှုအရေအတွက်တွေ မြင့်တက်လာတာနဲ့အတူ ကျန်းမာရေးစနစ်အားလုံး မနိုင်းမနင်းဖြစ်ပြီး ဖိအားအောက်ရောက်လာတော့မယ်" လို့ Soumya Swaminathan က ဂျီနီဗာအခြေစိုက် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အိုမီခရွန်ဗိုင်းရပ်စ်သစ်က အချို့သော ကိုယ်ခံစွမ်းအား တုံ့ပြန်မှုတွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်နေတယ်လို့ သူမက ဆိုပါတယ်။
ထိုအခြေအနေအရ နိုင်ငံအများအပြားမှာ ကိုယ်ခံစွမ်းအားစနစ် အားနည်းသူတွေကို ပစ်မှတ်ထားပြီး booster shot ကာကွယ်ဆေးထိုးမှုအစီအစဥ်တွေ စတင်နေခဲ့ကြောင်း သိရပါတယ်။ "အိုမီခရွန်က ဒယ်လ်တာထက် ကူးစက်မှုနှုန်း သိသိသာသာ ပိုမြန်နေတယ်ဆိုတာ အခု ခိုင်မာတဲ့ အထောက်အထားရှိပါတယ်၊ ပြီးတော့ အိုမီခရွန်ဟာ ကာကွယ်ဆေးထိုးထားသူတွေ သို့မဟုတ် COVID-19 ကနေ ပြန်သက်သာလာသူတွေမှာ ဒယ်လ်တာထက်ပိုပြီး ကူးစက်နိုင်တယ် သို့မဟုတ် နောက်တစ်ကြိမ် ပြန်လည်ကူးစက်နိုင်ပါတယ်" လို့ WHO အကြီးအကဲ Tedros က ပြောပါတယ်။
(Photo: AP)
WHO တာဝန်ရှိသူတွေရဲ့ ယခုပြောကြားမှုဟာ အစောပိုင်းမှာ ဗြိတိန် Imperial College London (ICL) က လေ့လာတွေ့ရှိထားမှုနဲ့လည်း ကိုက်ညီနေပါတယ်။ ICL ရဲ့ လေ့လာမှုအရ COVID-19 ဖြစ်ဖူးသူတွေမှာ အိုမီခရွန်ဗိုင်းရပ်စ်သစ် ပြန်လည်ကူးစက်နိုင်မှုအန္တရာယ်က ဒယ်လ်တာဗိုင်းရပ်စ်ထက် ၅ ဆ ပိုမြင့်မားကြောင်း တွေ့ရှိထားပါတယ်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မယ်ဆိုရင် ကပ်ရောဂါကို ကျွန်တော်တို့ အဆုံးသတ်နိုင်ပါတယ်
အိုမီခရွန်ကူးစက်မှုတွေကို နိုင်ငံ ၈၉ ခုမှာ တွေ့ရှိထားကြောင်း WHO က ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒယ်လ်တာထက် ပိုမိုကူးစက်မြန်တဲ့ အိုမီခရွန်ဗိုင်းရပ်စ်သစ် ခြိမ်းခြောက်မှုကြောင့် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးမှာ lockdown ပြန်သတ်မှတ်ရမှုနဲ့ ကပ်ရောဂါဆိုင်ရာ စည်းမျဥ်းသတ်မှတ်ချက်များ ပယ်ဖျက်မယ့်အစီအစဥ် ရွှေ့ဆိုင်းရမှုတွေရှိလာခဲ့ပါတယ်။
(WHO သိပ္ပံပညာရှင် အကြီးအကဲ Soumya Swaminathan) (Photo: Reuters)
သို့သော် ကမ္ဘာတစ်ဝန်း ခြေကုန်လက်ပန်းကျတဲ့အထိ ရင်ဆိုင်နေခဲ့ရပြီး လူ ၅.၃ သန်းကျော် သေဆုံးခဲ့ရတဲ့ COVID-19 ကပ်ရောဂါဟာ ၂၀၂၂ ခုနှစ်မှာ ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း WHO က ဆိုပါတယ်။ ဒုတိယနဲ့ တတိယမျိုးဆက် ကာကွယ်ဆေးများ ထုတ်လုပ်နေမှုနဲ့ နောက်ထပ် ကုသမှုပိုင်းဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေး အခြား ဆန်းသစ်တီထွင်မှုတွေကို WHO က ရည်ညွှန်းခဲ့ပါတယ်။
"ဒီရောဂါကို အလွယ်တကူ ကာကွယ်နိုင်၊ ကုသနိုင်တဲ့ မပြင်းထန်တဲ့ရောဂါတစ်ခုဖြစ်သွားစေဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ WHO ရဲ့ အရေးပေါ်အစီအစဥ်ဆိုင်ရာ တာဝန်ရှိသူ Mike Ryan က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ "ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မယ်ဆိုရင် ကပ်ရောဂါကို ကျွန်တော်တို့ အဆုံးသတ်နိုင်ပါတယ်" လို့ ၎င်းကဆိုပါတယ်။
(WHO အရေးပေါ်အစီအစဥ်ဆိုင်ရာ တာဝန်ရှိသူ Mike Ryan) (Photo: Reuters)
သို့သော် ကပ်ရောဂါတိုက်ဖျက်ရေး တုံ့ပြန်ဆောင်ရွက်မှု ရှေ့ဆက်ရေးကို ကူညီရန် SARS-CoV-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်ရမယ်လို့ WHO အကြီးအကဲ Tedros က ဆိုပါတယ်။
ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကိုသိတဲ့အထိ ကျွန်တော်တို့ ဆက်သွားဖို့ လိုပါတယ်
"ဗိုင်းရပ်စ်ရဲ့ မူလဇစ်မြစ်ကိုသိတဲ့အထိ ကျွန်တော်တို့ ဆက်သွားဖို့ လိုပါတယ်၊ ကျွန်တော်တို့ ပိုပြီးတွန်းအားပေးဖို့ လိုပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီတစ်ခါဖြစ်တာကနေ သင်ခန်းစာယူပြီး အနာဂတ်မှာ ပိုမိုကောင်းမွန်စေဖို့ပါ" လို့ Tedros က ပြောပါတယ်။ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်း လူဦးရေ ၂၇၅ သန်းကျော် ကူးစက်ခံခဲ့ရပါတယ်။
Share