အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်ခါလိနဲ့ ဆော်ဒီဘုရင့်ဖလား ဆီမီးဖိုင်နယ်မှာ အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အယ်လ်နာဆာတို့ အယ်လ်ခါလိကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။
ဒီပွဲမှာ ရော်နယ်ဒိုက အသင်းအတွက် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး မာနေးကလည်း ပင်နယ်တီကတစ်ဆင့် အယ်လ်နာဆာအတွက် တစ်ဂိုးသွင်းယူပေးခဲ့တာပါ။ ပွဲကစားချိန် (၁၇) မိနစ်မှာ ပြိုင်ဘက်ဂိုးသမား အမှားကတစ်ဆင့် ရရှိလာခဲ့တဲ့ အခွင့်အရေးကို ရော်နယ်ဒိုက တစ်ချက်မဆိုင်းဘဲ ဘယ်ခြေနဲ့ ဗော်လီကန်သွင်းခဲ့တာပါ။
အဲ့ဒီနောက် ပွဲကစားချိန် (၃၇) မိနစ်မှာ အယ်လ်နာဆာတို့ ပင်နယ်တီရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီပင်နယ်တီကို အသင်းရဲ့ ပင်နယ်တီ ပင်တိုင်ကန်သွင်းသူ ရော်နယ်ဒိုက မကန်ခဲ့ဘဲ တိုက်စစ်တွဲဖက် မာနေးကို ပေးကန်ခဲ့ပါတယ်။
မာနေးကလည်း ဒီပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းပြီး အယ်လ်နာဆာတို့ ပထမပိုင်းမှာတင် နှစ်ဂိုးပြတ်နဲ့ သက်သောင့်သက်သာ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ရော်နယ်ဒိုက အသင်းဖော် ယာရာရဲ့ ဖြတ်တင်ပေးပို့မှုကို ခေါင်းတိုက်အဆုံးသတ်နိုင်ခဲ့ပါတယ်။
အယ်လ်ခါလိအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်ရရှိခဲ့ပေမယ့် အယ်လ်နာဆာအတွက်တော့ သက်သောင့်သက်သာနဲ့ သူတို့ရဲ့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာတော့ အယ်လ်နာဆာတို့ မဟာပြိုင်ဘက် အယ်လ်ဟီလယ်နဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။