ဘိုင်ယန်မြူးနစ်-၂ အသင်းမှာ ကစားနေတဲ့ မာနေးရဲ့ သူငယ်ချင်း ဒီဆိုင်ရာဆက်ဂျ်ဘီဟာ အသင်းနဲ့ ပွဲဦးထွက်မှာတင် (၃၆) စက္ကန့်နဲ့ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဆက်ဂျ်ဘီဟာ မာနေးနဲ့ ဘောလုံးအကယ်ဒမီ အတူတူတက်ရောက်ခဲ့တဲ့ သူငယ်ချင်းဖြစ်ပြီး မာနေး မြူးနစ်မြို့ကို ဆေးစစ်ခံဖို့ လာရောက်ချိန်မှာလည်း ကားမောင်းလိုက်ပို့ပေးခဲ့သူဖြစ်ပါတယ်။

ဆက်ဂျ်ဘီကို ဘိုင်ယန်မြူးနစ်-၂ မှာ ခြေစွမ်းစမ်းသပ်ခွင့်ရဖို့ မာနေးက ကူညီဆောင်ရွက်ပေးခဲ့ပြီး ဒီကစားသမားကလည်း ခြေစွမ်းအောင်မြင်ခဲ့တာကြောင့် အခုလိုပဲ မြူးနစ်မြို့မှာ ကစားခွင့်ရရှိနေတာပါ။ စက်တင်ဘာ (၁၀) က ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်-၂ က ဟမ်စတက်တန်ကို ခြောက်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဆက်ဂျ်ဘီက ဘိုင်ယန်မြူးနစ်-၂ အတွက် ပထမဆုံး ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။
တိုက်စစ်မှူးတယောက်ဖြစ်တဲ့ ဆက်ဂျ်ဘီအတွက် အသင်းသစ်နဲ့ ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ဖို့ (၃၆) စက္ကန့်သာ လိုအပ်ခဲ့ပြီး ဒါက ဆက်ဂျ်ဘီအတွက်၊ မာနေးအတွက်၊ ဘိုင်ယန်မြူးနစ်အတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ ဘီနင်လက်ရွေးစင်ကစားသမားဟာ အသင်းဖော် ရာနို့စ်ရဲ့ သွင်းဂိုးအတွက်လည်း ဖန်တီးပေးနိုင်ခဲ့ပြီး အသင်းသစ်နဲ့ ပွဲဦးထွက်မှာ တဂိုးသွင်း၊ တဂိုးဖန်တီးကာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
ဒီပွဲမှာပြသခဲ့တဲ့ခြေစွမ်းတွေကြောင့် ဆက်ဂျ်ဘီဟာ လာမယ့် စက်တင်ဘာ (၁၆) မှာ ကစားမယ့် ဝက်ကာဘာဂူဆင်နဲ့ အဝေးကွင်းပွဲမှာလည်း ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေပြီဖြစ်ပါတယ်။ ဆက်ဂျ်ဘီဟာ မာနေးရဲ့ဘဝအတွက် အရေးပါတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ခဲ့ပြီး မာနေး မက်ဇ်မှာ ကစားနေတုန်းကလည်း ဆက်ဂျ်ဘီကို မက်ဇ်အရံအသင်းမှာ ပါဝင်ကစားခွင့်ရအောင် ကူညီပေးခဲ့ဖူးပါတယ်။
မာနေးကလည်း ဒီရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ ပထမဆုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံ (၉) ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး (၅) ဂိုးအထိ သွင်းယူပေးထားနိုင်ပါတယ်။ မာနေးဟာ လီဗာပူးမှာ ကစားသမားဘဝ (၆) နှစ်ကြာဖြတ်သန်းခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေအတွက် ပြီးခဲ့တဲ့ နွေရာသီစျေးကွက်မှာ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။