• မန်ချက်စတာဒါဘီမတိုင်ခင် ရော်နယ်ဒိုကို အမှန်အကန် ချီးကျူးလိုက်တဲ့ ဂွါဒီယိုလာ

မန်စီးတီးနဲ့ယူနိုက်တက်တို့ တနင်္ဂနွေညမှာ ရင်ဆိုင်ကစားရမှာပါ။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မနက်ဖြန်ညမှာ ကစားမယ့် ယူနိုက်တက်နဲ့ မန်ချက်စတာဒါဘီပွဲမတိုင်ခင် ပြိုင်ဘက် တိုက်စစ်မှူး ရော်နယ်ဒိုကို ချီးကျူးစကားပြောကြားလိုက်ပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်ရောက်လာပြီးနောက်ပိုင်း ပရီးမီးယားလိဂ်မှာသွင်းဂိုး (၉) ဂိုးအထိ သွင်းယူပေးထားပါတယ်။

image

အထူးသဖြင့် နောက်ဆုံး (၁၀) ပွဲမှာ ရော်နယ်ဒိုက တဂိုးသာ သွင်းယူထားနိုင်ပြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ဂွါဒီယိုလာကတော့ သူ့ရဲ့ ကစားသမားတွေကို ရော်နယ်ဒိုနဲ့ ပတ်သက်လို့ သတိထားရမယ့်အကြောင်းကို အခုလိုပဲ ပြောကြားလိုက်ပါတယ်။

image

ဂွါဒီယိုလာက “အဆုံးသတ်သမားတယောက်အနေနဲ့ ရော်နယ်ဒိုက တကယ်ကို ထူးခြားကောင်းမွန်တဲ့ ကစားသမားပါ။ နောက်ပိုင်းနှစ်တွေမှာ သူ ကစားတာကိုကြည့်ရတာ သဘောကျတယ်ဆိုတာကို ကျနော် မလိမ်ညာနိုင်ပါဘူး။ ရော်နယ်ဒိုကို ပင်နယ်တီဧရိယာထဲအဝင်ခံလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ သူက ရပ်တန့်လို့မရတဲ့ ကစားသမားဖြစ်နေလို့ပါ”

“ခင်ဗျားက ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တယောက်ဖြစ်နေတယ်၊ ဂိုးသွင်းစက်တလုံးဖြစ်နေတယ်ဆိုရင် သေချာပေါက် အဲ့ဒီနေရာမှာပဲ ရှိနေပါလိမ့်မယ်။ ပထမအကျော့က ကျနော်တို့ တဂိုးဂိုးမရှိနဲ့ ဦးဆောင်ထားချိန်၊ ပွဲကို လုံးဝ ထိန်းချုပ်ထားချိန်မှာ ရော်နယ်ဒိုက အခွင့်အရေးရခဲ့ပါတယ်”

“ဒါပေမယ့် အီဒါဆန်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက ဘောလုံးကောင်းကောင်းမထိခဲ့ရတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းလုနီးပါးဖြစ်ခဲ့ပါတယ်။ ဒါကိုက သူ့ရဲ့အရည်အချင်းနဲ့ စွမ်းဆောင်ရည်ပါပဲ။ ကျနော်တို့ ရော်နယ်ဒိုကို ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါတယ်”

“သူက နောက်ဆုံး (၁၅) နှစ်အတွင်းမှာ မက်ဆီနဲ့အတူ ထာဝရအကောင်းဆုံး ကစားသမားတွေထဲက တယောက်ဖြစ်ခဲ့တာပါ။ သူတို့နှစ်ယောက် စွမ်းဆောင်ခဲ့တာတွေကို ကျနော်တို့ နောက်တကြိမ် ပြန်လည်မြင်တွေ့ခွင့်ရတော့မှာ မဟုတ်ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က